The network connection is lost.

Banner Image

လူးဝစ်ဒီယက်ဇ်ရဲ့ပွဲဦးထွက်ခြေစွမ်းအပေါ် မှတ်ချက်ပေးလာတဲ့ ဟယ်ရီကိန်း

ယမန်နေ့(စနေနေ့)၊ လိုင်ယွန်နဲ့ပွဲစဉ်မှာ ကလပ်အသင်းသစ်အတွက် ပထမဆုံးပါဝင်ကစားတဲ့ လူးဝစ်ဒီယက်ဇ်နဲ့ တွဲဖက်ကစားရခြင်းအတွက် ဟယ်ရီကိန်း ကျေနပ်ပျော်ရွှင်နေပါတယ်။ ဒီယက်ဇ်က ပွဲဦးထွက်အဖြစ် ပါဝင်ကစားရတယ်ဆိုပေမယ့် အင်္ဂလန်တိုက်စစ်မှူးကိုယ်တိုင်အထင်ကြီးနေတဲ့ သူ့ရဲ့ခြေစွမ်းပိုင်းကိုတော့ ထုတ်ဖော်ပြသသွားနိုင်ပါတယ်။

လိုင်ယွန်နဲ့ရင်ဆိုင်ရတဲ့ခြေစမ်းပွဲက အခုသီတင်းပတ်အစောပိုင်းမှာ ဘိုင်ယန်မြူးနစ်အသင်းသမိုင်းတလျှောက် တတိယမြောက်ပြောင်းရွှေ့ကြေးအမြင့်မားဆုံးကစားသမားအဖြစ် လီဗာပူးမှ ပေါင် ၆၅ ဒဿမ ၅ သန်းဖြင့် ရောက်ရှိလာတဲ့ လူးဝစ်ဒီယက်ဇ်အတွက် ပွဲဦးထွက်ဖြစ်လာခဲ့ပါတယ်။ အခုပွဲစဉ်မှာ ဒီယက်ဇ်က သွင်းဂိုး(သို့မဟုတ်)ဂိုးဖန်တီးမှု မပြုလုပ်နိုင်ပေမယ့် သူ့ရဲ့အသင်းဖော်တွေ၊ အထူးသဖြင့် ဟယ်ရီကိန်းကိုယ်တိုင် အထင်ကြီးစေမယ့် စွမ်းဆောင်ရည်မျိုးကိုတော့ ပြသသွားခဲ့ပါတယ်။

ဒီယက်ဇ်နဲ့ပတ်သက်လို့ Sky Sport Germany နဲ့တွေ့ဆုံချိန် ဟယ်ရီကိန်းက “ ဒီနေ့မှာ ဒီယက်ဇ်ကိုယ်တိုင် အကောင်းဆုံးလုပ်ပြခဲ့ပါတယ်။ အခုအချိန်အထိ ကျွန်တော်တိုနှစ်ဦးတွဲဖက်ပြီး လေ့ကျင့်ခန်းနှစ်ကြိမ်ပဲ လုပ်ရသေးပေမယ့် သူ့ဆီမှာ ဆာလောင်တက်ကြွမှုတွေ မြင်တွေ့နေရပါတယ်။ ဒီကလပ်အသင်းနဲ့ ပူးပေါင်းရလို့ ပျော်ရွှင်နေတယ်လို့ ပြောနိုင်ပါတယ်။ သူ့ရဲ့မျက်နှာပေါ်မှာ အပြုံးပန်းတစ်ခုနဲ့အတူ ပါဝင်ကစားနေပါတယ်။ ဒီနေ့မှာဆိုရင်လည်း အသင်းတိုက်စစ်ပိုင်းအတွက် သူရဲ့အကျိုးသက်ရောက်မှု ဘယ်လောက်ရှိသလဲဆိုတာကို မြင်တွေ့ရနိုင်ပါတယ်။ အခုဘောလုံးရာသီသစ်မှာ သူ့ကို ကျွန်တော်တို့တွေ မဖြစ်မနေလိုအပ်လာပါလိမ့်မယ်။ ဒါကြောင့် အသင်းမှာ ဒီယက်ဇ်ရှိနေတာ ကျွန်တော် ဝမ်းသာမိပါတယ်”လို့ ပြောပါတယ်။

ဆက်လက်ပြီး အသင်းဖော်သစ်နဲ့အတူ ဆက်သွယ်နိုင်မယ့်နည်းလမ်းတွေအကြောင်းကို အင်္ဂလန်ကြယ်ပွင့်က ရှင်းပြသွားခဲ့ပါတယ်။ ဟယ်ရီကိန်းက “ ဒီယက်ဇ်ရဲ့အင်္ဂလိပ်စာအရည်အသွေးက အရမ်းကြီးမဆိုးရွားပါဘူး။ အသင်းနဲ့လည်း ကောင်းကောင်းဆက်သွယ်နိုင်ပါတယ်။ သူ့ရဲ့အင်္ဂလိပ်စာအရည်အသွေးလိုပဲ ဂျာမန်စာအရည်အသွေးလည်း တိုးတက်လာဖို့ မျှော်လင့်မိပါတယ်။ ဒါဆိုရင် သူကိုယ်တိုင်လည်း အခြားအသင်းဖော်အချို့နဲ့ ဆက်သွယ်ပြောဆိုနိုင်ပါလိမ့်မယ်။ နည်းပြနဲ့တော့ အင်္ဂလိပ်လို ပြောဆိုနေတာဆိုတော့ သူ့အတွက် အခက်အခဲရှိတယ်လို့ မထင်ပါဘူး”လို့ ပြောပါတယ်။

အစောပိုင်းမှာ ဒီယက်ဇ်ကိုလက်လွှတ်ဖို့ လီဗာပူးတို့ ဝန်လေးခဲ့ပေမယ့် ဘိုင်ယန်မြူးနစ်ရဲ့ငွေလုံးငွေရင်းပမာဏ ကြီးမားတဲ့ကမ်းလှမ်းမှုရရှိချိန် အပြောင်းအရွှေ့ကို လက်ခံပေးခဲ့ပါတယ်။ အခုအချိန်မှာတော့ ဟယ်ရီကိန်းက ဒီယက်ဇ်ရောက်ရှိလာမှုကြောင့် ဘိုင်ယန်မြူးနစ်ရဲ့တိုက်စစ်ပိုင်း အင်အားတောင့်တင်းလာလိမ့်မယ်လို့ ယုံကြည်နေပါတယ်။ အင်္ဂလန်ကပ္ပတိန်က “ ဒီယက်ဇ်က ပရီးမီးယားလိဂ်မှာ သူ့ရဲ့အရည်အသွေးကို အထင်အရှားပြသခဲ့တဲ့ ကစားသမားတစ်ဦးဖြစ်ပါတယ်။ ကောင်းမွန်တဲ့ထုတ်ကုန်တွေ အမြဲတမ်းထုတ်လုပ်ပေးနိုင်ပြီး အန္တရာယ်ရှိတဲ့ကစားသမားတစ်ဦး ဖြစ်ပါတယ်။ အသင်းမှာ သူရှိနေတာ ကောင်းပါတယ်။ သူ အမြန်ဆုံးအခြေကျလာဖို့ မျှော်လင့်ထားပြီး ဒီအတွက်လည်း တက်နိုင်သမျှ ကူညီပေးသွားပါမယ်”လို့ ပြောပါတယ်။

ဒီယက်ဇ်အတွက် နောက်ထပ်ခြေစွမ်းပြသနိုင်မယ့်ပွဲစဉ်ကတော့ သြဂုတ် ၇ ရက်၊ တော့တင်ဟမ်နဲ့ရင်ဆိုင်ရမယ့် ခြေစမ်းပွဲစဉ် ဖြစ်ပါတယ်။ ဒီပွဲစဉ်မှာ ဟယ်ရီကိန်းက အသင်းဟောင်းနဲ့ ပြန်လည်ရင်ဆိုင်ရဖို့ရှိသလို လူးဝစ်ဒီယက်ဇ်ကလည်း ဘိုင်ယန်မြူးနစ်ကစားသမားဘဝအစောပိုင်းကာလမှာပဲ သွင်းဂိုးရယူနိုင်မယ့် အခွင့်အလမ်းတစ်ရပ် ဖြစ်လာပါလိမ့်မယ်။