
ယူနိုက်တက်ပစ်မှတ် အမ်ဘွေမိုကို ကြားဖြတ်ခေါ်ယူဖို့ ချိတ်ဆက်မှုတွေပြုလုပ်လာတဲ့ တော့တင်ဟမ်
တော့တင်ဟမ်ဟာ ဘရန့်ဖို့ဒ်နည်းပြ သောမတ်စ်ဖရန့်ခ်ကို နည်းပြသစ်အဖြစ် ခေါ်ယူခန့်အပ်ခဲ့ပြီးနောက် ယခုအခါမှာတော့ မန်ချက်စတာယူနိုက်တက်ပစ်မှတ်ထားနေတဲ့ ဘရန့်ဖို့ဒ်တိုက်စစ်မှူး ဘရိုင်ယန်အမ်ဘွေမိုကိုပါ ထပ်မံခေါ်ယူနိုင်ဖို့ ချိတ်ဆက်မှုတွေပြုလုပ်လာခဲ့ပါတယ်။ တော့တင်ဟမ်ဟာ သောမတ်စ်ဖရန့်ခ်နဲ့အတူ သူ့ရဲ့လက်ထောက်နည်းပြဖြစ်တဲ့ ဂျက်စတင်ကိုကရိန်းကိုပါ အသင်းသို့ခေါ်ယူခဲ့ပြီး စာချုပ်ဖျက်သိမ်းကြေး ပေါင် ၁၀ သန်းအထိပေးချေထားခဲ့တာဖြစ်ပါတယ်။ ယခုအခါမှာတော့ ဖရန့်ခ်ရဲ့ဦးဆောင်မှုနဲ့အတူ နွေရာသီဈေးကွက်အတွင်း တော့တင်ဟမ်ဟာ အမ်ဘွေမိုကိုပါ ထပ်မံပစ်မှတ်ထားလာခဲ့တာဖြစ်ပါတယ်။
မကြာသေးမီက ယူနိုက်တက်ဟာ အမ်ဘွေမိုကိုခေါ်ယူဖို့ ကနဦးဆွေးနွေးမှုတွေ ပြုလုပ်ထားနိုင်ခဲ့ပြီး ပြောင်းရွှေ့ကြေးပေါင် ၅၅ သန်းနဲ့ကမ်းလှမ်းထားခဲ့ပေမယ့် ဘရန့်ဖို့ဒ်ဘက်က ပယ်ချထားခဲ့တာဖြစ်ပါတယ်။ သတင်းတွေအရ ဘရန့်ဖို့ဒ်ဟာ အမ်ဘွေမိုအတွက် ပေါင်သန်း ၆၀ အထိ အလိုရှိနေတယ်လို့သိရပြီး ကစားသမားကလည်း အိုးလ်ထရက်ဖို့ဒ်သို့ပြောင်းရွှေ့ဖို့ စိတ်အားထက်သန်နေတာဖြစ်ပါတယ်။
တော့တင်ဟမ်အနေနဲ့ ကစားသမားအတွက် ဘရန့်ဖို့ဒ်ထံ တရားဝင်ကမ်းလှမ်းမှု မပြုလုပ်ရသေးပေမယ့် အမ်ဘွေမိုဟာ သူ့ရဲ့နည်းပြဟောင်းနဲ့ ဆက်လက်လက်တွဲသွားဖို့အတွက်လည်း ဆန္ဒရှိနေတာဖြစ်ပါတယ်။ ကင်မရွန်းလက်ရွေးစင်ဟာ ဘရန့်ဖို့ဒ်သို့ ၂၀၁၉ ခုနှစ်မှာစတင်ရောက်ရှိလာခဲ့ပြီး ပြိုင်ပွဲစုံ ၂၄၂ ပွဲကစားကာ သွင်းဂိုး ၇၀ သွင်းယူနိုင်ခဲ့ပြီး ဂိုးဖန်တီးမှု ၅၁ ကြိမ်အထိ ပြုလုပ်ပေးထားနိုင်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၄-၂၅ ရာသီမှာလည်း အမ်ဘွေမိုဟာထိပ်တန်းခြေစွမ်းကို ထပ်မံပြသခဲ့ပြီး ပရီးမီးယားလိဂ် သွင်းဂိုး ၂၀ ရယူကာ မိုဟာမက်ဆာလက်၊ အာလင်းဟာလန်းနဲ့ အလက်ဇန်းဒါးအီဆက်တိုနောက် လိဂ်ရဲ့ စတုတ္ထမြောက်ဂိုးသွင်းအများဆုံးကစားသမားအဖြစ် ရပ်တည်ခဲ့ပါတယ်။
ယူနိုက်တက်ရဲ့ချိတ်ဆက်မှုတွေရှိနေပေမယ့် ယခုအခါမှာ ချန်ပီလိဂ်ဝင်ခွင့်ရထားတဲ့ တော့တင်ဟမ်ကလည်း ကြားဖြတ်ခေါ်ယူဖို့ကြိုးစားလာတာကြောင့် အမ်ဘွေမိုအနေနဲ့ ဘယ်အသင်းကိုရွေးချယ်သွားမလဲဆိုတာ ဆက်လက်စောင့်ကြည့်သွားရပါမယ်။