The network connection is lost.

Banner Image

ပိုစတီကိုဂလူဘက်မှာ အပြည့်အဝရှိနေကြောင်း ပြောကြားလာတဲ့ မက်ဒီဆင်

တော့တင်ဟမ်ကွင်းလယ်လူ ဂျိမ်းစ်မက်ဒီဆင်က ဒီရာသီမှာ အသင်းမှာ ပုံစံကောင်းရရှိဖို့ အတော်လေးရုန်းကန်နေရပေမယ့် အသင်းရဲ့ကစားသမားတွေအားလုံးဟာ နည်းပြ အန်ဂျီပိုစတီကိုဂလူဘက်မှာ အပြည့်အဝရှိနေကြကြောင်း ပြောကြားလာခဲ့ပါတယ်။ 

ယခုရာသီမှာ တော့တင်ဟမ်ဟာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားရဲ့ အဆင့် ၁၆ နေရာအထိကျဆင်းနေသလို လက်ရှိကစားထားတဲ့ လိဂ် ၃၄ ပွဲမှာလည်း ၁၉ ပွဲအထိ ရှုံးနိမ့်ထားခဲ့တာဖြစ်ပါတယ်။ သို့သော်လည်း အပြုသဘောဆောင်တဲ့အချက်တစ်ချက်အနေနဲ့တော့ တော့တင်ဟမ်ဟာ ယူရိုပါလိဂ်ပြိုင်ပွဲမှာ ဆီမီးဖိုင်နယ်အဆင့်အထိ တက်လှမ်းထားနိုင်တာဖြစ်ပါတယ်။ 

ဒါကြောင့် မက်ဒီဆင်က အသင်းဟာ အောင်မြင်တဲ့ရာသီတစ်ခုကို ပုံဖော်နိုင်သေးကြောင်း ပြောကြားလာခဲ့ပြီး ယခုရာသီဟာ ဆိုးဝါးတဲ့ရာသီတစ်ခုဖြစ်ကြောင်းလည်း ဝန်ခံခဲ့ပါတယ်။ မက်ဒီဆင်က “ကျွန်တော်တို့အားလုံး နည်းပြရဲ့အနောက်မှာ ၁၀၀ ရာခိုင်နှုန်းရပ်တည်နေပါတယ်။ သူက အရမ်းတော်တဲ့လူတစ်ယောက်ပါ။ ကျွန်တော်တို့ လိဂ်မှာ အခြေအနေဆိုးပေမယ့် သူ့ရဲ့စွမ်းဆောင်ရည်တွေက အံ့မခန်းပါပဲ။ ယူရိုပါလိဂ်မှာ အခြေအနေကောင်းနေပေမယ့် လိဂ်မှာတော့ လက်မခံနိုင်စရာဖြစ်နေတယ်ဆိုတာ သိပါတယ်။ ပိုစတီကိုဂလူက ကျွန်တော့်နည်းပြပါ။ သူ့ကို ကျွန်တော်လေးစားပါတယ်။ ကျွန်တော်တို့ အောင်မြင်တဲ့ရာသီတစ်ခုကို ပုံဖော်ဖို့ အခွင့်အရေးရှိပါသေးတယ်” လို့ပြောကြားခဲ့ပါတယ်။ 

လာမယ့်သောကြာနေ့နံနက်မှာတော့ တော့တင်ဟမ်ဟာ ယူရိုပါလိဂ်ဆီမီးဖိုင်နယ်ပထမအကျော့ပွဲစဉ်အဖြစ် ဘိုဒိုဂလင့်ကို အိမ်ကွင်းမှာ ဧည်ခံကစားသွားရမှာဖြစ်ပြီး ဒုတိယအကျော့ကိုတော့ မေလ ၈ ရက်နေ့ နော်ဝေမှာ သွားရောက်ကစားရပါမယ်။