
ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခွင့်ရခြင်းက အင်တာမီယာမီအတွက် ကြီးမားတဲ့အခွင့်အရေးဖြစ်တယ်လို့ဆိုလာတဲ့ အယ်လ်ဘာ
အင်တာမီယာမီနောက်ခံလူ ဂျော်ဒီအယ်လ်ဘာက လာမယ့်ဇွန်လ ၁၅ ရက်နေ့မှာ စတင်ကျင်းပသွားမယ့် ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် အလွန်စိတ်လှုပ်ရှားမိကြောင်းနဲ့ ပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရခြင်းက အသင်းအတွက် အလွန်ကြီးမားတဲ့အခွင့်အရေးဖြစ်တယ်လို့ ပြောကြားလာခဲ့ပါတယ်။
ပုံစံအသစ်နဲ့ကျင်းပသွားမယ့် ယခုနှစ်ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကို ကမ္ဘာတစ်ဝှမ်းမှ အသင်းပေါင်း ၃၂ သင်းအထိ ဝင်ရောက်ခွင့်ရရှိသွားမှာဖြစ်ပြီး အင်တာမီယာမီကလည်း ပြိုင်ပွဲမှာပါဝင်ဖို့ အခွင့်အရေးရခဲ့ပါတယ်။ စပိန်လက်ရွေးစင်ဟောင်း အယ်လ်ဘာဟာ အသက်-၃၆ နှစ်အရွယ်ရှိပြီဖြစ်ပေမယ့် ပြိုင်ပွဲကြီးတွေမှာ ပါဝင်ယှဉ်ပြိုင်ဖို့ စိတ်အားထက်သန်နေဆဲဖြစ်ပြီး ယခုအခါမှာလည်း ပြိုင်ပွဲအတွက် အလွန်စိတ်လှုပ်ရှားနေကြောင်း ဖွင့်ဟလာခဲ့တာဖြစ်ပါတယ်။
အယ်လ်ဘာက "ကျွန်တော့်စိတ်ထဲမှာတော့ အရင်အတိုင်းပဲ တူညီတဲ့စိတ်လှုပ်ရှားမှုကို ခံစားရပါတယ်။ ဒါပေမယ့် ဒီပြိုင်ပွဲက ဘယ်လောက်အထိခက်ခဲမယ်ဆိုတာလည်း ကျွန်တော်သတိထားမိပါတယ်။ ဘာစီလိုနာမှာ ကမ္ဘာ့အကောင်းဆုံးကစားသမားတွေနဲ့ အတူတူတွဲဖက်ကစားခွင့်ရလို့ ကံကောင်းပါတယ်။ ဒါကြောင့် ထိပ်တန်းအသင်းတွေနဲ့ရင်ဆိုင်ရရင် ဘယ်လောက်ခက်တယ်ဆိုတာ ကျွန်တော်ကောင်းကောင်းသိပါတယ်"
"ကျွန်တော်အခု အင်တာမီယာမီမှာကစားနေပေမယ့် ဘောလုံးအပေါ်မှာရှိတဲ့ ကျွန်တော့်ရဲ့စိတ်အားထက်သန်မှုက မပြောင်းလဲပါဘူး။ ကျွန်တော်တို့အသင်းကလည်း ပြိုင်ပွဲမှာ ယှဉ်ပြိုင်ရခက်ခဲတဲ့အသင်းတစ်သင်းဖြစ်လာမယ်လို့ မျှော်လင့်ပါတယ်။ ဒါပေမယ့်အရေးကြီးဆုံးကတော့ ပြိုင်ပွဲမှာ ပျော်ပျော်ရွှင်ရွှင်ကစားဖို့ပါပဲ။ ဘာကြောင့်လဲဆိုတော့ အသင်းရဲ့ကစားသမားအများစုက ဒီလိုပြိုင်ပွဲမျိုးနဲ့ မကြုံတွေ့ခဲ့ဖူးလို့ပါ။ ဒါက အသင်းအတွက်သာမက၊ ပရိသတ်တွေအတွက်ပါ ကြီးမားတဲ့အခွင့်အရေးတစ်ခုပါပဲ" လို့ပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီး ကမ္ဘာ့ဖလားချန်ပီယံက အင်တာမီယာမီသို့စတင်ရောက်ရှိကတည်းက အသင်းမှာပျော်ရွှင်ကြောင်းကို "ကျွန်တော်ဒီစရောက်တဲ့နေ့ကတည်းက အသင်းကကျွန်တော့်ကို အရမ်းဂရုစိုက်ပါတယ်။ ကျွန်တော့်ရဲ့မိသားစုကိုလည်း အကူအညီတွေအများကြီးပေးခဲ့ပါတယ်။ ကျွန်တော်အခု အသက်-၃၆ နှစ်ရှိပြီဆိုပေမယ့် အသင်းအတွက်ပေးဆပ်လိုစိတ်က မပြောင်းလဲသေးပါဘူး။ အနားမယူမချင်း ဆက်တိုက်ကစားနိုင်ဖို့မျှော်လင့်ပါတယ်"
"ကျွန်တော့်ရဲ့ခန္ဓာကိုယ် ကြံ့ခိုင်နေသေးသရွေ့ ဘောလုံးအပေါ်မှာထားတဲ့ကျွန်တော့်ရဲ့စိတ်က ပြောင်းလဲမှာမဟုတ်ပါဘူး။ ဒီနှစ်အတွင်းရနိုင်သမျှ အောင်မြင်မှုတွေအတွက် ကျွန်တော်ဆက်လက်တိုက်ပွဲဝင်သွားပါမယ်" လို့ပြောကြားခဲ့ပါတယ်။ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကို အမေရိကန်မှာကျင်းပသွားမှာဖြစ်ပြီး အယ်လ်ဘာက လက်ရှိကစားနေတဲ့မြေပေါ်မှာ ကစားသွားရမှာဖြစ်လို့ စိတ်လှုပ်ရှားမိကြောင်းပြောကြားခဲ့ပါတယ်။ ဘာစီလိုနာကြယ်ပွင့်ဟောင်းက "ဒီမှာရှိတဲ့ ပရိသတ်တွေနဲ့ ဒီနိုင်ငံအတွက် စိတ်လှုပ်ရှားစရာပြိုင်ပွဲတစ်ခုပါ။ ကျွန်တော် စပိန်ကနေဒီကိုပြောင်းခဲ့ပေမယ့် အရင်တုန်းက ကစားခဲ့ဖူးတဲ့ပြိုင်ပွဲကို ကစားခွင့်ရမှာဖြစ်လို့ ကံကောင်းတယ်လို့ ပြောရပါမယ်။ ဒါပေမယ့် ဒီပြိုင်ပွဲက ကျွန်တော်အရင်ကကြုံတွေ့ခဲ့ဖူးတဲ့ ကလပ်ကမ္ဘာ့ဖလားနဲ့မတူပါဘူး"
"ဒီနှစ်က ထူးခြားတဲ့ပြိုင်ပွဲပါ။ ပရိသတ်တွေအနေနဲ့ ကျွန်တော်တို့ဘက်မှာအပြည့်အဝရှိနေမယ်လို့ ယုံကြည်ပြီး ကျွန်တော်တို့ကလည်း သူတို့ဂုဏ်ယူရအောင် စွမ်းဆောင်သွားပါမယ်။သေချာတာကတော့ ကျွန်တော်တို့အားလုံးအတွက် မမေ့နိုင်စရာပြိုင်ပွဲဖြစ်လာဖို့ရှိပါတယ်" လို့ပြောကြားခဲ့ပါတယ်။
အင်တာမီယာမီဟာ အသင်းသမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိထားတာဖြစ်ပြီး ဥရောပကြယ်ပွင့်ဟောင်းတွေဖြစ်တဲ့ လီယွန်နယ်မက်ဆီ၊ ဆာဂျီယိုဘက်စ်ကွက်စ်နဲ့ လူးဝစ်ဆွာရက်ဇ်တို့အနေနဲ့လည်း ယခင်က ယှဉ်ပြိုင်ခဲ့ဖူးတဲ့ ဥရောပကလပ်တွေနဲ့ ထိပ်တိုက်တွေ့ဆုံသွားရမှာဖြစ်ပါတယ်။
ကလပ်ကမ္ဘာ့ဖလားအုပ်စုအဆင့်မှာ အင်တာမီယာမီဟာ အယ်လ်အာလီ၊ ပေါ်တို၊ ပါမီးယက်စ်တို့နဲ့ တစ်အုစုတည်းကျရောက်နေပြီး ဇွန်လ ၁၅ ရက်နေ့မှာ အဖွင့်ပွဲစဉ်အဖြစ် အယ်လ်အာလီနဲ့စတင်ယှဉ်ပြိုင်သွားရပါမယ်။