The network connection is lost.

Banner Image

ဖာနန်ဒက်စ်လိုသစ္စာရှိကစားသမားမျိုး မော်ဒန်ဘောလုံးလောကမှာ မြင်တွေ့ရခဲကြောင်း ဖာဒီနန်ချီးကျူး

မန်ချက်စတာယူနိုက်တက်ဂန္ထဝင်နောက်ခံလူ ရီယိုဖာဒီနန်က ဆော်ဒီပရိုလိဂ်ကလပ်ရဲ့ ကြီးမားတဲ့ကမ်းလှမ်းမှုကိုငြင်းပယ်ပြီး ယူနိုက်တက်နဲ့ဆက်လက် လက်တွဲဖို့ဆုံးဖြတ်ခဲ့တဲ့ အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်ကို ချီးကျူးလာခဲ့ပြီး ဖာနန်ဒက်စ်လိုသစ္စာရှိတဲ့ကစားသမားမျိုးကို မော်ဒန်ဘောလုံးလောကမှာ မြင်တွေ့ရခဲကြောင်း ပြောကြားလာခဲ့ပါတယ်။ 

ဆော်ဒီကလပ် အယ်လ်ဟီလယ်ဟာ ဖာနန်ဒက်စ်ကိုခေါ်ယူဖို့အတွက် ယူနိုက်တက်ကို ပြောင်းရွှေ့ကြေးပေါင်သန်း ၁၀၀ အထိပေးချေဖို့ အဆင့်သင့်ရှိနေခဲ့သလို၊ ကစားသမားအတွက်လည်း တစ်ပတ်လုပ်ခ ပေါင် ၇ သိန်းအထိရရှိနိုင်တဲ့စာချုပ်နဲ့ ကမ်းလှမ်းမှုပြုလုပ်ခဲ့တာဖြစ်ပါတယ်။ သို့သော်လည်း ပေါ်တူဂီသားကတော့ အဆိုပါကမ်းလှမ်းချက်ကိုငြင်းပယ်ခဲ့ပြီး ယူနိုက်တက်နဲ့အတူ ထိပ်တန်းဘောလုံးလောကမှာ ဆက်လက်ကစားလိုကြောင်း ပြောကြားခဲ့ပါတယ်။ 

ယခုအခါမှာ ဖာဒီနန်က "ကျွန်တော့်အနေနဲ့ပြောရမယ်ဆိုရင် ဒါက သစ္စာရှိမှုပါပဲ။ ဒီလိုစကားမျိုးက ကြီးကျယ်တယ်ဆိုပေမယ့် ကစားသမားတစ်ယောက်အနေနဲ့ အခွင့်အရေးကောင်းကိုငြင်းပယ်ပြီး အသင်းမှာပဲဆက်နေတာက မြင်တွေ့ရခဲပါတယ်"

"ဘောလုံးဆိုတာ စီးပွားရေးလုပ်ငန်းတစ်ခုပါပဲ။ ဒါပေမယ့် ဖာနန်ဒက်စ်ရဲ့အမြင်မှာတော့ ဒီလိုမဟုတ်ပါဘူး။ သူ့အနေနဲ့ ယူနိုက်တက်မှာ လုပ်စရာတွေကျန်နေသေးပြီး လစာကောင်းကောင်းရနေပေမယ့် ပြန်လည်ပေးဆပ်ဖို့အတွက်လည်း ဆန္ဒရှိနေပါတယ်။ သူ့ကိုကျွန်တော်လေးစားပါတယ်။ သူအသင်းကနေထွက်တော့မယ်လို့ ကျွန်တော်သေချာပေါက်ထင်မိခဲ့ပါတယ်။ ဒါပေမယ့် သူအသင်းမှာပဲဆက်ရှိနေခဲ့ပြီး လုပ်စရာတွေကျန်နေသေးကြောင်း ပြောခဲ့ပါတယ်။ ဒါက သူဟာလူသားတစ်ယောက်ဖြစ်တယ်ဆိုတဲ့ သက်သေပါပဲ"

"ကလပ်ရဲ့နည်းပြတိုင်းက သူ့ကိုဘာကြောင့် အသင်းခေါင်းဆောင်ရာထူးပေးနေတာလဲဆိုတာကိုလည်း အခုတော့ သဘောပေါက်သွားပါပြီ။ တကယ်လို့ ကျွန်တော်သာသူ့နေရာမှာဆိုရင် အယ်လ်ဟီလယ်ရဲ့ကမ်းလှမ်းမှုကို ငြင်းပယ်ဖို့ခက်ပါတယ်။ ရိုးရိုးသားသားပြောရမယ်ဆိုရင် ကျွန်တော်ဆော်ဒီကိုတောင်ရောက်နေလောက်ပါပြီ" လို့ပြောကြားခဲ့ပါတယ်။ 

လက်ရှိအချိန်မှာတော့ ယူနိုက်တက်ဟာ အပြောင်းအရွှေ့ကာလအတွင်း ဝုဗ်ကြယ်ပွင့် မားသီးယက်စ်ကွန်ညာတစ်ယောက်ကိုသာ ခေါ်ယူထားပေမယ့် နောက်ပိုင်းမှာ ဘယ်လိုအပြောင်းအရွှေ့တွေ ထပ်မံပြုလုပ်သွားဦးမလဲ ဆက်လက်စောင့်ကြည့်သွားရပါမယ်။ ပြီးခဲ့တဲ့ ရာသီရဲ့တစ်ဝက်လောက်မှာ အိုးလ်ထရက်ဖို့ဒ်သို့စတင်ရောက်ရှိလာခဲ့တဲ့ နည်းပြရူဘင်အာမိုရင်အနေနဲ့လည်း ယခုနွေရာသီမှာ အခွင့်အရေးအပြည့်အဝယူပြီး ကစားသမားသစ်တွေနဲ့ ယူနိုက်တက်ကိုအင်အားဖြည့်တင်းသွားရမှာဖြစ်ပါတယ်။