The network connection is lost.

Banner Image

ပရီးမီးယားလိဂ်ချန်ပီယံဖြစ်လာပြီးနောက် မျက်ရည်ကျလုနီးပါးဖြစ်ခဲ့ရတဲ့ အခိုက်အတန့်ကို ထုတ်ပြောလာတဲ့ ကိုနာတေး

ပရီးမီးယားလိဂ်ချန်ပီယံအဖြစ် အောင်ပွဲခံမှုအပြီး ကိုနာတေးက အန်ဖီးလ်ကွင်း Main Stand မှာထိုင်ရင်း တိတ်ဆိတ်ငြိမ်သက်နေတဲ့ဘောလုံးကွင်းကို ကြည့်ရှုကာ ဝမ်းသာမျက်ရည်ကျလုနီးပါး ဖြစ်နေခဲ့ပါတယ်။ သူ့ရဲ့အနီးတဝိုက်ရောက်ရှိလာတဲ့ တစ်ခုတည်းသောဆူညံသံကတော့ ကွင်းပြင်ပမှာ ပရိသတ်တွေကိုယ်တိုင် ဆက်လက်အောင်ပွဲခံနေမှုပဲ ဖြစ်ပါတယ်။ လီဗာပူးနောက်ခံလူကတော့ အုန်းအုန်းကျွက်ကျွက်ဖြစ်စဉ်အပြီး ငြိမ်းချမ်းမှုကို ခံစားနေခဲ့ပါတယ်။

ပြင်သစ်နောက်ခံလူက ခြေထောက်ကို ဆန့်တန်းထိုင်ခဲ့ပြီး ကြိုးကြာနီတွေနဲ့အတူ သူရရှိခဲ့တဲ့ ပရီးမီးယားလိဂ်ချန်ပီယံအောင်ပွဲအကြောင်း တစိမ့်စိမ့်တွေးတောနေခဲ့ပါတယ်။ ကိုနာတေးက “ ပွဲစဉ်အပြီးမှာ ဘောလုံးကွင်းဆီ ကျွန်တော်လမ်းလျှောက်ဝင်သွားပြီး ပရိသတ်တစ်ဦးလို ခံစားမိစေဖို့ ပွဲကြည့်စင်ပေါ် မတ်တပ်ရပ်လိုက်ပါတယ်။ ကျွန်တော်ခံစားလိုက်ရတဲ့အရာတွေကို ဖော်ပြဖို့ စကားလုံးတောင် မရှိတော့ပါဘူး။ ကျွန်တော့်ရဲ့အစ်ကိုဆီကိုတောင် ကျွန်တော်သာ ဘောလုံးပွဲကြည့်ဖို့ ပွဲကြည့်စင်ပေါ်ထိုင်နေမယ်ဆိုရင် ဘယ်လိုပုံစံမျိုးဖြစ်နေမလဲဆိုတာ သိချင်မိတယ်လို့ ပြောခဲ့ပါတယ်။ ကွင်းထဲမှာ ဘာမှမရှိပေမယ့် ကျွန်တော်က ပရိသတ်တစ်ဦးလို ပြုမူကြည့်ဖို့ ကြိုးစားခဲ့ပါတယ်။ ကျွန်တော်က ဒီအခိုက်အတန့်လေးကို ကိုယ်တိုင်ခံစားကြည့်ချင်ရုံသက်သက်ပါပဲ။

ကျွန်တော်တို့တွေ ပရီမီးယားလိဂ်ချန်ပီယံဆုကို ပရိသတ် ၆၀,၀၀၀ ကျော်နဲ့အတူ ကွင်းတွင်းမှာ ဆွတ်ခူးနိုင်ခဲ့ပါတယ်။ မတူညီတဲ့ခံစားချက်လေးတစ်ခုကို ခံစားမိချင်ရုံလေးပါပဲ။ အခုတော့ ကျွန်တော် အရမ်းပျော်ရွှင်နေပါပြီ။ မျက်ရည်ကျလုနီးပါးအထိ ဖြစ်ခဲ့ပါတယ်။ မယုံကြည်နိုင်လောက်အောင်ကို ရူးသွပ်သွားပါပြီ။ အခုတော့ ကျွန်တော်တို့တွေ တကယ့်ကို ပျော်ပျော်ရွှင်ရွှင်ဖြစ်နေဖို့ပဲ လိုအပ်ပါတော့တယ်”လို့ ပြောပါတယ်။

အခုအချိန်မှာတော့ ကိုနာတေးနဲ့ သူ့ရဲ့အသင်းဖော်တွေက အင်္ဂလိပ်ဘောလုံးလောကမှာ လိုချင်သူအများဆုံး ဆုတံဆိပ်ကို လက်ဝယ်ပိုင်ပိုင်ရရှိပြီး လီဗာပူးအသင်းဂန္တဝင်စာရင်းမှာ ပါဝင်လာပါလိမ့်မယ်။ ကိုနာတေးက “ ဒါကပဲ ဘောလုံးသမားတစ်ဦးအတွက် အရေးအကြီးဆုံးအရာ ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကိုယ်အနားယူသွားချိန် ကိုယ်အမှန်တကယ်အမှတ်ရနေတဲ့ တစ်ခုတည်းသောအရာက ကိုယ့်ရဲ့လက်ထဲမှာ ရှိနေဖို့ပါပဲ။

အထူးသဖြင့် ပရီးမီးယားလိဂ်ချန်ပီယံဆုကို ဆွတ်ခူးနိုင်ဖို့ပဲ ဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာရှိနေသူအချို့အတွက် ပရီမီးယားလိဂ်ဆုဖလားကို အနိုင်ရရှိမှုဟာ ချန်ပီယံလိဂ်ဆုဖလားရရှိတာထက် ပိုကောင်းနေတတ်ပါတယ်။ ကျွန်တော်တို့တွေ မယုံကြည်နိုင်စရာကိစ္စကို လုပ်ခဲ့ပြီး ဒီအတွက် ဂုဏ်ယူသွားရပါမယ်။ တက်နိုင်သလောက် လုပ်ဖို့ပါပဲ။ အခြားအသင်းတွေကို မကြည့်ဘဲ ကိုယ့်သမိုင်းကိုယ် ရေးချင်ခဲ့ရုံသာ ဖြစ်ပါတယ်”လို့ ဆိုပါတယ်။