The network connection is lost.

Banner Image

ပွဲထွက်ခွင့်အတွက် အသင်းဖော်တိုက်စစ်မှူးဂျက်ဆန်ဆီ သတင်းစကားတစ်ခုပေးပို့လိုက်တဲ့ ဒီလပ်

လီယမ်ဒီလပ်က ချဲလ်ဆီးအသင်းတိုက်စစ်ပိုင်းမှာ ပုံမှန်ပွဲထွက်ခွင့်ရရှိရေးအတွက် ဂျက်ဆန်နဲ့ယှဉ်ပြိုင်ရမှုမှာ သူ အောင်မြင်မှုရရှိလိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။ အခုလအစောပိုင်း၊ အစ်ဆွစ်ချ်မှ ပြောင်းရွှေ့ကြေးပေါင်သန်း ၃၀ဖြင့် ရောက်ရှိလာပြီးနောက် ဒီလပ်က တနင်္လာနေ့ညပိုင်းမှာ ချဲလ်ဆီးအတွက် ပွဲဦးထွက်ကို ပါဝင်ကစားခဲ့ပါတယ်။

LAFC ကို ၂-၀ ဂိုးဖြင့် အနိုင်ရရှိတဲ့ ကလပ်ကမ္ဘာ့ဖလားအုပ်စုအဖွင့်ပွဲစဉ်မှာ အန်ဇိုဖာနန်ဒက်ဇ်ရဲ့သွင်းဂိုးကို ဒီလပ်က ဖန်တီးပေးခဲ့ပါတယ်။ ဂျက်ဆန်ကလည်း နက်တိုရဲ့အဖွင့်ဂိုးကို ဖန်တီးပေးခဲ့သူဖြစ်ပြီး ဒီလပ်ကတော့ ချဲလ်ဆီးတိုက်စစ်ပိုင်းပွဲထွက်ခွင့်တိုက်ပွဲရဲ့အလားအလာကို သဘောကျနှစ်ခြိုက်နေပါတယ်။

DAZN နဲ့တွေ့ဆုံချိန် ဒီလပ်က “ ယှဉ်ပြိုင်မှုတွေရှိနေခြင်းကြောင့် အမြဲတိုးတက်နေတယ်လို့ ကျွန်တော်ထင်ပါတယ်။ ဒါက ဘောလုံးလောက ဖြစ်ပါတယ်။ မယုံကြည်နိုင်လောက်စရာ ကလပ်အသင်းတစ်ခုဖြစ်နေလို့ ဒီအသင်းမှာ အမြဲတမ်းပွဲထွက်ခွင့်ရရှိဖို့ဆိုတာ ခက်ခဲနေပါလိမ့်မယ်။ ဒါပေမဲ့ ကျွန်တော်ကတော့ ဒီယှဉ်ပြိုင်မှုမှာ အသာစီးရရှိလိမ့်မယ်လို့ ယူဆထားပါတယ်။ ချဲလ်ဆီးအတွက် ပွဲဦးထွက်ကို ပါဝင်ကစားခွင့်ရရှိလို့ ပျော်ရွှင်ကျေနပ်မိပါတယ်။ ဒီအသင်းနဲ့အတူ ရှိနေရချိန်မှာပဲ ပထမဆုံးပွဲစဉ်ကို ပါဝင်ကစားရပြီး အသင်းအတွက် အထောက်အကူပြုပေးနိုင်မှုကြောင့် စိတ်လှုပ်ရှားပျော်ရွှင်မိသလို ကောင်းမွန်တဲ့ခံစားချက်တစ်ခု ဖြစ်ခဲ့ပါတယ်။

ချဲလ်ဆီးအသင်းဖော်တွေအားလုံးက ကျွန်တော့်ကို လှိုက်လှိုက်လှဲလှဲကြိုဆိုခဲ့ပါတယ်။ အသင်းနဲ့အတူ လေ့ကျင့်ရေးအစီအစဉ်အနည်းငယ်သာ လုပ်ရသေးပေမယ့် ဒီထက်ပိုပြီးလက်တွဲနိုင်ဖို့ ကျွန်တော် မစောင့်နိုင်တော့ပါဘူး။ အသင်းကို ကူညီပေးနိုင်ဖို့သာ အရေးအကြီးဆုံးဆိုပေမယ့် ကျွန်တော်ကိုယ်တိုင်လည်း ဂိုးတွေ သွင်းယူသွားချင်ပါတယ်”လို့ ပြောပါတယ်။

ဂျက်ဆန်က ပြီးခဲ့တဲ့ဘောလုံးရာသီ၊ ချဲလ်ဆီးအသင်းအတွက် ဦးစားပေးတိုက်စစ်မှူးဖြစ်ခဲ့ပြီး LAFC နဲ့ပွဲစဉ်မှာလည်း ပွဲထွက်ခွင့် ရရှိခဲ့ပါတယ်။ အခုလိုပွဲထွက်ခွင့်ပေးမှုအပေါ် ဆီနီဂေါလက်ရွေးစင်က အကောင်းဆုံးတုံ့ပြန်ပြသခဲ့ပြီး ဒုတိယပိုင်းပွဲချိန်အတွင်း သူ့ရဲ့ခေါင်းတိုက်ချက်မှတဆင့် ချဲလ်ဆီးတို့ ဂိုးရရှိဖို့ နီးစပ်ခဲ့ပါတယ်။

အန်ဇိုမာရက်စ်ကာကိုယ်တိုင်လည်း ဒီလပ်အတွက် ပွဲထွက်ခွင့်အာမခံချက်မပေးထားပေမယ့် အလျင်အမြန်တိုးတက်လာတဲ့ အသက်-၂၂ နှစ်အရွယ်ကစားသမားကို ချီးကျူးဂုဏ်ပြုခဲ့ပါတယ်။ ဒီလပ်က မန်စီးတီးလူငယ်ကစားသမားဘဝမှာ မာရက်စ်ကာနဲ့ လက်တွဲခဲ့ဖူးပြီး ချဲလ်ဆီးနည်းပြရဲ့ကစားဟန်နဲ့ ရင်းနှီးနေသူလည်း ဖြစ်ပါတယ်။

မာရက်စ်ကာက “ ကျွန်တော်တို့ကစားချင်တဲ့ပုံစံကို သိနေခြင်းကိုက ဒီလပ်နဲ့ပတ်သက်လို့ ကောင်းတဲ့အချက်ပါပဲ။ ဒါကြောင့် လုပ်ငန်းစဉ်တွေဟာ အလွန်လျှင်မြန်လာပါတယ်။ ကျွန်တော်တို့အတွက် နောက်ထပ်ရှိနေသေးတဲ့ အက်ဆူဂိုအတွက်လည်း အခွင့်အရေးတစ်ခု ပေးခဲ့ပါတယ်။ ဒါက သူတို့နှစ်ဦးလုံးအတွက် ကောင်းပါတယ်။

ခြုံပြောရရင် စွမ်းဆောင်ရည်ပိုင်းကောင်းမွန်ခဲ့ပြီး ပွဲကို အနိုင်ရရှိခဲ့ပါတယ်။ အလွန်ကောင်းတဲ့ရလဒ်တစ်ခုပါ။ ဘောလုံးရာသီရဲ့အခုလိုအချိန်မျိုးမှာ မတူကွဲပြားတဲ့ကိစ္စရပ်တွေကို စီမံခန့်ခွဲပေးရတယ်ဆိုတာ ပုံမှန်ပါပဲ”လို့ ပြောပါတယ်။