The network connection is lost.

Banner Image

ဘော်လွန်းဒီအော်ဆုအခွင့်အလမ်းအတွက် ထုတ်ဖော်ပြောကြားလာတဲ့ ရီးရဲလ်မက်ဒရစ်ကြယ်ပွင့် အမ်ဘာပေ

ရီးရဲလ်မက်ဒရစ်နဲ့ပြင်သစ်ကြယ်ပွင့် အမ်ဘာပေက သူ့ရဲ့ဘော်လွန်းဒီအော်ဆုအခွင့်အလမ်းနဲ့ပတ်သက်လို့ ကိုယ်ပိုင်စွမ်းဆောင်ရည်တစ်ခုတည်းနဲ့ရရှိနိုင်တဲ့ ဆုတစ်ခုမဟုတ်ပါဘူးလို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ အမ်ဘာပေက ယမန်နေ့ညပိုင်း၊ ဂျာမနီကို အနိုင်ယူခဲ့တဲ့ပွဲစဉ်မှာ တစ်ဂိုးသွင်း၊ တစ်ဂိုးဖန်တီးပေးရင်း ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားတွေအနက် သူလည်းပါဝင်နေသေးတယ်ဆိုတာကို သတိပေးချက် ထုတ်ပြန်လာခဲ့ပါတယ်။ ပြင်သစ်ကပ္ပတိန်က သူ့ရဲ့အသင်းကို နေးရှင်းလိဂ်ပြိုင်ပွဲမှာ တတိယနေရာရရှိအောင် ဦးဆောင်ပေးခဲ့ပြီး အခုနှစ်နွေရာသီ၊ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်ခင်အထိ သူ့ရဲ့ပုံစံကောင်းကို ဆက်လက်ထိန်းသိမ်းထားခဲ့ပါတယ်။ မက်ဒရစ်အခြေစိုက်ကစားသမားဘ၀ ပွဲဦးထွက်ဘောလုံးရာသီမှာ အရှုပ်အထွေးတွေနဲ့ ပြည့်နှက်နေခဲ့ပေမယ့် ဥရောပရွှေဖိနပ်ဆုရှင်က အခုလအတွင်းကျင်းပမယ့် ရာသီပိတ်ပြိုင်ပွဲတစ်ခုမှာ အဆုံးသတ်အောင်ပွဲရယူနိုင်မှုနဲ့အတူ သူ့ရဲ့ဘော်လွန်းဒီအော်ဆုအခွင့်အလမ်းကို တိုးမြှင့်လာနိုင်ပါတယ်။

ဂျာမနီကိုအနိုင်ယူခဲ့တဲ့ပွဲစဉ်အပြီး အမ်ဘာပေက “ ကျွန်တော်က ဘော်လွန်းဒီအော်ဆုအတွက် အဆုံးအဖြတ်ပေးနိုင်သူ မဟုတ်ပါဘူး။ ကျွန်တော့်မှာလည်း ကိုယ်ပိုင်ထင်မြင်ချက်တွေ ရှိပါတယ်။ စကားမစပ်… နောက်ပိုင်းဘော်လွန်းဒီအော်ဆုရှင်တွေနဲ့ပတ်သက်လို့ ကျွန်တော့်ရဲ့မတူကွဲပြားတဲ့ထင်မြင်ယူဆချက်တွေလည်း ရှိပါတယ်။ ကျွန်တော့်ရဲ့ခြေစွမ်းအပေါ်မူတည်ပြီး ရရှိနိုင်တဲ့ တစ်ခုတည်းသောထူးချွန်ဆုဆိုတာ ရွှေဖိနပ်ဆုပါပဲ။ ကျန်တဲ့ဆုတွေကိုတော့ ကျွန်တော် မဆုံးဖြတ်ပေးနိုင်ဘူး”လို့ ပြောပါတယ်။

ပြီးခဲ့တဲ့သီတင်းပတ်အတွင်း ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ပီအက်စ်ဂျီအသင်း ဗိုလ်စွဲပြီးနောက် ဒမ်ဘီလီက ဘော်လွန်းဒီအော်ဆုရှင်ဖြစ်လာဖို့ ရေပန်းအစားဆုံးဖြစ်လာပါတယ်။ ဒမ်ဘီလီနဲ့အပြိုင် ဘော်လွန်းဒီအော်ဆုအတွက် ရေပန်းစားနေသူတွေကတော့ လမိုင်းယာမယ်လ်၊ ရာဖင်ဟာနဲ့ မိုဆာလက်တို့ပဲ ဖြစ်ပါတယ်။ 

အမ်ဘာပေက ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်ခင် ရီးရဲလ်မက်ဒရစ်အသင်းဖော်တွေနဲ့ ပေါင်းစည်းနိုင်ဖို့ အခုသီတင်းပတ်အတွင်း အမေရိကန်နိုင်ငံဆီ ခရီးထွက်ခွာပါလိမ့်မယ်။ အလွန်ဆိုရဲ့အသင်းက ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲခရီးစဉ်ကို ဖလော်ရီဒါပြည်နယ်၊ မီယာမီမြို့ရှိ Hard Rock Stadium မှာ အယ်လ်ဟီလယ်နဲ့ ယှဉ်ပြိုင်ကစားရင်း စတင်သွားပါလိမ့်မယ်။ သူတို့တွေက အုပ်စုအဆင့်မှာ ပါချူကာ၊ ရက်ဒ်ဘူးဆဲလ်ဘတ်တို့နဲလည်း ရင်ဆိုင်သွားရပါမယ်။