
အနားယူဖို့ဆုံးဖြတ်ခဲ့ရတဲ့အကြောင်းအရင်းကို ထုတ်ဖော်ပြောကြားလာတဲ့ တိုနီခရူးစ်
ရီးရဲလ်ဂန္ထဝင်ကွင်းလယ်လူဟောင်း တိုနီခရူးစ်က အနားယူဖို့ ဆုံးဖြတ်ခဲ့ရတဲ့အကြောင်းအရင်းကို ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ အသက် ၃၅ နှစ်သားရဲ့ဆုံးဖြတ်ချက်က အဲ့အချိန်မှာ မေးခွန်းထုတ်စရာဖြစ်ခဲ့ပေမယ့် သူ့ရဲ့ဆုံးဖြတ်ချက်ကို ပြန်မပြင်ခဲ့တာဖြစ်ပါတယ်။ အောင်မြင်တဲ့ရာသီတစ်ခုဖြစ်ခဲ့ပေမယ့် El Pais နဲ့အင်တာဗျူးမှာ ခရူးစ်က ပြီးခဲ့တဲ့နွေရာသီအနားယူခြင်းနောက်ကွယ်က အကြောင်းအရင်းကို ထုတ်ဖော်ပြောကြားလာခဲ့ပါတယ်။
“ကျွန်တော်အနားယူဖို့ကို စဉ်းစားတာ လပေါင်းများစွာကြာမြင့်ခဲ့ပါတယ်။ ဆိုလိုတာက ကျွန်တော် အိပ်ယာပေါ်ကမထွက်ခွာခင် တစ်မနက်ခင်းမှာတော့ ကျွန်တော့်ကိုယ်ကျွန်တော် ငါအနားယူရတော့မှာပါလား။ နိုး။ ငါကအရမ်းကိုမှရင့်ကျက်နေပြီလေလို့ ပြောခဲ့ပါတယ်။ ပြီးခဲ့တဲ့ရာသီတုန်းကလည်း ကျွန်တော်အနားယူဖို့ စဉ်းစားခဲ့ပါတယ်။ ဒါပေမယ့် အဆုံးသတ်မှာ ကျွန်တော် ရီးရဲလ်နဲ့ ၁ နှစ်သက်တမ်းတိုးခဲ့ပါတယ်။
ဒါပေမယ့် ကျွန်တော့်စိတ်ကူးကိုမပြောင်းလဲနိုင်ခဲ့ပဲ အနားပဲယူချင်ခဲ့ပါတယ်။ ကံကောင်းတာက ကျွန်တော်အနားယူချိန်မှာ အောင်မြင်ခဲ့ပါတယ်။ အောင်မြင်မှုတွေနဲ့ ကျွန်တော်အနားယူချင်ခဲ့တာပါ။ ပြီးခဲ့တဲ့ရာသီတုန်းက ရီးရဲလ်နဲ့အတူ ကျွန်တော်အများကြီးလုပ်နိုင်ခဲ့ပါတယ်။ အဲ့တာက ခက်ခဲတယ်လို့ ထင်ပါတယ်။ လာလီဂါ နဲ့ ချန်ပီယံလိဂ်အောင်မြင်မှုရယူနိုင်ခဲ့ပြီး ကစားသမားဘဝကို နှုတ်ဆက်ခဲ့ပါတယ်။
အောင်မြင်မှုတွေနဲ့ အနားယူရတာက အကောင်းဆုံးအရာပါ။ ခင်ဗျားအဲ့လိုအချိန်မှာအနားယူရတာက ကောင်းမွန်တဲ့ခံစားချက်ကို ရစေပါတယ်။ ဘာလို့လဲဆိုတော့ အဲ့ဆုံးဖြတ်ချက်ကို ခင်ဗျားပဲချရတာပါ။ ကျွန်တော်အနားယူချိန်မှာ နည်းပြကော ၊ မိသားစုကော ၊ ကျွန်တော့်ခန္ဓာကိုယ်ကိုတောင် မပြောဖြစ်ခဲ့ပါဘူး။ အဲ့တာတွေကို ကျွန်တော်ရှောင်ရှားချင်ခဲ့တာပါ”လို့ ခရူးစ်က ဖြေကြားခဲ့ပါတယ်။
ခရူးစ်က ပြီးခဲ့တဲ့နွေရာသီအတွင်း အနားယူဖို့ဆုံးဖြတ်ခဲ့တာက မှန်ကန်ခဲ့တယ်လို့ ပြောကြားလိုက်ပေမယ့် သူထွက်ခွာမှုက ရီးရဲလ်အတွက်တော့ အနုတ်လက္ခဏာဆောင်ခဲ့တာဖြစ်ပါတယ်။ ရီးရဲလ်ဟာ ၂၀၂၄ - ၂၅ ရာသီမှာ ရုန်းကန်ခဲ့ရပြီး ဆုဖလားတစ်လုံးမှမရယူနိုင်ခဲ့တာဖြစ်ပါတယ်။