အသင်းကြီးတွေဆီမှာ နည်းပြလုပ်ပြီး ၃ ပတ်အတွင်းအထုတ်ခံရတဲ့အဖြစ်မျိုး မတွေ့ကြုံလိုကြောင်းပြောကြားလာတဲ့ ဖာဘရီဂတ်စ်
ကိုမိုအသင်းနည်းပြ ဆက်စ်ဖာဘရီဂတ်စ်က သူဟာ အသင်းအပေါ်မှာပဲ အပြည့်အဝ အာရုံစိုက်ထားတယ်လို့ အခိုင်အမာ ပြောကြားလိုက်ပါတယ်။ ရာသီကုန်ရင် ဖာဘရီဂတ်စ်တစ်ယောက် ကိုမိုကနေ ထွက်ပြီး အသင်းကြီးတစ်သင်းဆီ ပြောင်းတော့မယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပေမဲ့ ဘာစီလိုနာ၊ ချယ်လ်ဆီးနဲ့ အာဆင်နယ် ကြယ်ပွင့်ဟောင်းကြီးကတော့ ဒါကို ငြင်းဆိုခဲ့ပါတယ်။
သူ့ရဲ့ အနာဂတ်ရည်မှန်းချက်တွေနဲ့ ပတ်သက်ပြီး DAZN ကို ပြောကြားရာမှာတော့ "အခုလောလောဆယ်မှာ ကျွန်တော့်ရဲ့ ဘဝတစ်ခုလုံးကို ကိုမိုအသင်းအတွက်ပဲ ပုံအောပေးထားပါတယ်။ ကျွန်တော် မနက်ဖြန်အတွက် မတွေးသေးပါဘူး။ ကိုယ့်ကိုယ်ကိုယ် အကောင်းဆုံးဖြစ်အောင် ကြိုးစားချင်ပေမဲ့ အသိဉာဏ်ရှိရှိနဲ့ပဲ လုပ်ဆောင်ချင်တာပါ။ အဓိပ္ပာယ်မရှိတဲ့ ရည်မှန်းချက်တွေက အန္တရာယ်ရှိနိုင်ပါတယ်။ ချန်ပီယံလိဂ်ဖလား ရချင်တယ်လို့ ပြောတာမျိုးက အပေါ်ယံဆန်လွန်းပါတယ်။ အချိန်အခါက အရမ်းအရေးကြီးပါတယ်။ လူအများကြီးက အသင်းကြီးတွေဆီ သွားကြပေမဲ့ သုံးပတ်လောက်နဲ့တင် ပြန်ထွက်ရတာမျိုးတွေ ရှိပါတယ်။ ကျွန်တော်ကတော့ ဒီကိစ္စနဲ့ ပတ်သက်လို့ အေးအေးဆေးဆေးပါပဲ" လို့ ဆိုပါတယ်။
ဒါ့အပြင် ဖာဘရီဂတ်စ်က "ကျွန်တော်တို့ စီးရီးအေဖလားတို့၊ ချန်ပီယံလိဂ်တို့ ရဖို့အကြောင်း တစ်ခါမှ မပြောဖူးပါဘူး။ အဲဒီလို ပြောဖို့လည်း အချိန်မကျသေးပါဘူး။ ကျွန်တော်က ကြိုးစားအားထုတ်မှုနဲ့ စိတ်ကူးစိတ်သန်းတွေကိုပဲ ယုံကြည်ပါတယ်။ တိုးတက်ချင်တဲ့ စိတ်ဆန္ဒသာ ရှိမယ်ဆိုရင် ဘာမဆို ဖြစ်နိုင်ပါတယ်။ ကျွန်တော်တို့ အင်တာမီလန်ကို ၄ ဂိုးပြတ်နဲ့ ရှုံးခဲ့ပေမဲ့ အရာအားလုံးကို ပြောင်းလဲပစ်ဖို့ မစဉ်းစားသင့်ပါဘူး။ အဲဒီအစား ပိုကောင်းအောင် လုပ်ဖို့ပဲ လိုတာပါ။ ဒါက လုံးဝကွဲပြားပါတယ်။ ကျွန်တော်တို့ စတင်ခဲ့တဲ့ လမ်းကြောင်းအတိုင်း နောက်လူတွေ ဆက်လျှောက်လှမ်းနိုင်မယ့် အမွေအနှစ်တစ်ခု ချန်ထားရစ်ခဲ့ဖို့ ကျွန်တော် အိပ်မက်မက်ပါတယ်" လို့လည်း ဖြည့်စွက်ပြောကြားခဲ့ပါတယ်။