ရော်နယ်ဒိုဂျူနီယာကြောင့် ကိုင်ရွန်းနီတစ်ယောက် ယူနိုက်တက်မှာ ဖိအားတွေပိုများခဲ့ရတယ်လို့ဆိုလာတဲ့ ရွန်းနီ
မန်ချက်စတာယူနိုက်တက်အသင်းခေါင်းဆောင်ဟောင်း ဝိန်းရွန်းနီက သူ့ရဲ့သားဖြစ်သူ ကိုင်ရွန်းနီဟာ အသင်းရဲ့ လူငယ်အကယ်ဒမီမှာ ကြီးပြင်းလာစဉ်အတွင်း အခြားသူတွေထက် ပိုမိုစောင့်ကြည့်စစ်ဆေးခံရတဲ့ဒဏ်ကို ခံခဲ့ရတယ်လို့ ဝန်ခံပြောကြားလိုက်ပါတယ်။
ကိုင်ရွန်းနီဟာ လာမယ့်သီတင်းပတ်တွေအတွင်းမှာ ယူနိုက်တက်နဲ့ ပညာသင်ဆု စာချုပ်ချုပ်ဆိုဖို့ ရှိနေပါတယ်။ ခရစ္စတီယာနိုရော်နယ်လ်ဒိုရဲ့သား ခရစ္စတီယာနိုဂျူနီယာနဲ့ ယူ-၁၆ အသင်းမှာ အတူတူကစားခဲ့စဉ်တုန်းက ပရိသတ်တွေရဲ့ အာရုံစိုက်မှုဟာ အလွန်ကို ပြင်းထန်ခဲ့တယ်လို့လည်း ဖခင်ဖြစ်သူ ရွန်းနီက ဆိုပါတယ်။
၎င်းက Wayne Rooney Show မှာ အခုလို ပြောကြားခဲ့ပါတယ်။ "သူတို့အပေါ်မှာ ဖိအားတွေ နည်းနည်း ပိုများခဲ့ပါတယ်။ ကိုင်နဲ့ ရော်နယ်လ်ဒိုရဲ့သား၊ ပြီးတော့ မိုက်ကယ်ကာရစ်ရဲ့သားတို့အားလုံးက အသင်းတစ်သင်းတည်းမှာ အတူတူရှိခဲ့ကြတာပါ။"
"သူတို့ကစားတာကို သွားကြည့်တဲ့အခါ ပုံမှန်ရှိနေကျ လူဦးရေထက် ၁၀ ဆလောက် ပိုများနေတတ်ပါတယ်။ ကွင်းပတ်ပတ်လည်မှာ လူတွေအပြည့်နဲ့ လာကြည့်နေကြတာပါ။ အဲ့ဒီကလေး ၃ ယောက် ဘယ်လိုကစားလဲဆိုတာကို စောင့်ကြည့်ဖို့ လာကြတာမို့လို့ သူတို့အပေါ်မှာ ဖိအားတွေ အများကြီး ပိုရှိလာခဲ့ပါတယ်။"
"သူတို့အနေနဲ့ ဒါကို ရင်ဆိုင်နိုင်ဖို့ အဆင်သင့်ဖြစ်နေရပါမယ်" လို့ ၎င်းက ဆိုပါတယ်။
ကိုင်ရွန်းနီနဲ့ ဂျေစီကာရစ်တို့ဟာ ယူနိုက်တက်နဲ့ ပညာသင်ဆုစာချုပ်တွေ ချုပ်ဆိုသွားကြမှာဖြစ်ပေမဲ့ ခရစ္စတီယာနိုဂျူနီယာကတော့ အယ်လ်နာဆာလူငယ်အသင်းမှာ ကစားပေးနေရင်း ပေါ်တူဂီ ယူ-၁၇ အသင်းမှာ ရွေးချယ်ခံထားရပြီ ဖြစ်ပါတယ်။