ယူနိုက်တက်အပါအဝင် လက်ထောက်နည်းပြအဖြစ်ဆောင်ရွက်လိုတဲ့ အသင်း ၂ သင်းရဲ့အမည်ကိုဖွင့်ဟလာတဲ့ ရွန်းနီ
ပရီးမီးယားလိဂ်ဂန္ထဝင်ကစားသမား ဝိန်းရွန်းနီက သူဟာ လက်ထောက်နည်းပြအဖြစ်နဲ့ဆိုရင် အဲဗာတန် ဒါမှမဟုတ် မန်ချက်စတာယူနိုက်တက်အသင်းကို ပြန်သွားဖို့ ဆန္ဒရှိတယ်လို့ ပြောကြားလိုက်ပါတယ်။
ရွန်းနီဟာ ကစားသမားဘဝကနေ အနားယူပြီးတာနဲ့ ဒါဘီကောင်တီအသင်းကို ချက်ချင်းတာဝန်ယူ ကိုင်တွယ်ခဲ့တာပါ။ အဲ့ဒီအချိန်က အသင်းမှာ ဘဏ္ဍာရေးဆိုင်ရာ ပြင်းပြင်းထန်ထန် အရေးယူပိတ်ဆို့ခံထားရပေမဲ့လည်း အသင်းကို ပြိုကွဲမသွားအောင် အကောင်းဆုံး ထိန်းကျောင်းပေးခဲ့ပါသေးတယ်။ ဒါပေမဲ့လည်း နောက်တစ်ရာသီမှာတော့ အသင်းဟာ တန်းဆင်းသွားခဲ့ရပါတယ်။
အဲ့ဒီနောက်မှာတော့ သူဟာ အမေရိကန်ကလပ် ဒီစီယူနိုက်တက်၊ ဘာမင်ဂမ်စီးတီးနဲ့ ပလိုင်းမောက်အသင်းတွေကို ဆက်လက်ကိုင်တွယ်ခဲ့ပေမဲ့ အောင်မြင်မှုတော့ သိပ်မရခဲ့ပါဘူး။
အခုအပတ်မှာတော့ ဝေဖန်သုံးသပ်သူအဖြစ် လုပ်ကိုင်နေရာကနေ ဘောလုံးလောကထဲကို ဘယ်လိုပုံစံမျိုးနဲ့ ပြန်ဝင်လာဖို့ ရှိသလဲလို့ မေးမြန်းတဲ့အခါမှာတော့ သူကစားခဲ့ဖူးတဲ့ ကလပ်နှစ်သင်းကသာ ဆက်သွယ်လာရင် ပြန်လာဖို့ အဆင်သင့်ပဲလို့ ရွန်နီက ဖြေကြားခဲ့တာပါ။
"အခွင့်အရေးကောင်းတစ်ခု ရလာရင်တော့ ကျွန်တော် ပြန်လာမှာပါ။ ဒါပေမဲ့ အခုလောလောဆယ်တော့ အလျင်မလိုပါဘူး" လို့ သူက ဆိုပါတယ်။ လက်ထောက်နည်းပြအဖြစ် လုပ်ဖို့ အဆင်သင့်ဖြစ်လားဆိုတဲ့ မေးခွန်းကိုတော့ "၁၀၀ ရာခိုင်နှုန်း အဆင်သင့်ပါပဲ။ လွန်ခဲ့တဲ့ ရက်သတ္တပတ်အနည်းငယ်ကလည်း ကျွန်တော့်ကို မန်ယူအသင်းဆီ တခြားအခန်းကဏ္ဍတစ်ခုနဲ့ ပြန်သွားဖို့ ရှိမလားလို့ မေးခဲ့ကြပါသေးတယ်။ သေချာတာပေါ့၊ ပြန်သွားမှာပါ။ (နည်းပြချုပ် မဟုတ်ဘဲ) ကျွန်တော် ပြန်သွားမယ့် အသင်းဆိုလို့ အဲဗာတန်နဲ့ မန်ယူပဲ ရှိပါတယ်။ ဘာလို့လဲဆိုတော့ ဒီနှစ်သင်းက ကျွန်တော့်နှလုံးသားနဲ့ အနီးစပ်ဆုံး အသင်းတွေမို့လို့ပါ။ ဒါကတော့ စဉ်းစားနေစရာတောင် မလိုတဲ့ ကိစ္စပါ။ ဒါပေမဲ့ ကျွန်တော်က အခု အလုပ်တောင်းနေတာမျိုးတော့ မဟုတ်ဘူးဆိုတာကို အားလုံး သိစေချင်ပါတယ်။ တကယ်လို့ အသင်းကသာ ကျွန်တော့်ကို လာကူညီပေးဖို့ ခေါ်မယ်ဆိုရင် သေချာပေါက် သွားမှာပါ။ အဓိကအကျဆုံးကတော့ နည်းပြချုပ်ကို မှန်မှန်ကန်ကန် ခန့်အပ်ဖို့ပါပဲ" လို့ ရှင်းပြခဲ့ပါတယ်။
မန်ယူအသင်းအတွက် ၅၅၉ ပွဲ ကစားပေးခဲ့ပြီး ၂၅၃ ဂိုးနဲ့ ဂိုးသွင်းအများဆုံးစံချိန် တင်ထားတဲ့ အသက် ၄၀ အရွယ် ရွန်းနီကို ပရိသတ်တွေကလည်း ပြန်လည်ကြိုဆိုကြမှာပါ။ ဘာလို့လဲဆိုတော့ ရွန်းနီဟာ ဘောလုံးနဲ့ပတ်သက်ရင် နက်နက်ရှိုင်းရှိုင်း သိနားလည်သူတစ်ယောက် ဖြစ်တယ်ဆိုတာကို အားလုံးက သိထားကြလို့ပဲ ဖြစ်ပါတယ်။
လောလောဆယ်မှာတော့ ရွန်းနီရဲ့ အသင်းဖော်ဟောင်း မိုက်ကယ်ကာရစ်က ယူနိုက်တက်ရဲ့ ယာယီနည်းပြအဖြစ် တာဝန်ယူနေပြီး အကယ်၍ ကာရစ်သာ အမြဲတမ်းနည်းပြ ဖြစ်လာခဲ့မယ်ဆိုရင်တော့ ရွန်းနီဟာ သူ့ရဲ့အသင်းဟောင်းဆီကို ပြန်သွားဖို့ ဖုန်းခေါ်ဆိုမှုတစ်ခု ရရှိလာနိုင်ပါတယ်။