ယောကရက်စ်ရဲ့ခြေစွမ်းကို လျှော့တွက်ခဲ့မိကြောင်း ဝန်ခံလာတဲ့ ကာရေဂါ
လီဗာပူးအသင်းရဲ့ ဂန္ထဝင်ကစားသမား ဂျေမီကာရေဂါက အာဆင်နယ်တိုက်စစ်မှူး ယောကရက်စ်နဲ့ ပတ်သက်ပြီး သူ ခန့်မှန်းမှားခဲ့တယ်ဆိုတာကို ဝန်ခံလိုက်ပါတယ်။
ကာရေဂါဟာ ဒီရာသီ အစောပိုင်းလတွေတုန်းကတော့ ဒီဆွီဒင်တိုက်စစ်မှူးကို အသုံးမဝင်ဘူးလို့ ပယ်ချခဲ့ဖူးတာပါ။
ဒါပေမဲ့ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က တော့တင်ဟမ်ကို အနိုင်ရတဲ့ပွဲမှာ ယောကရက်စ်က နှစ်ဂိုးသွင်းယူနိုင်ခဲ့ပြီးနောက်မှာတော့ ကာရေဂါက Sky Sports ကို အခုလို ပြောကြားခဲ့ပါတယ်။ “ယောကရက်စ်နဲ့ ပတ်သက်ပြီး ကျွန်တော် အကြိုက်ဆုံးကတော့ သူ့ရဲ့ စိတ်ဓာတ်ပိုင်းပါပဲ။ သူဟာ လာမယ့် ငါးနှစ်လောက်အထိ အာဆင်နယ်အတွက် ကမ္ဘာ့အဆင့်မီ ဒါမှမဟုတ် အံ့ဩစရာကောင်းတဲ့ တိုက်စစ်မှူးတစ်ယောက် ဖြစ်နေလိမ့်မယ်လို့တော့ ကျွန်တော် မထင်ပါဘူး။ ဒါပေမဲ့ သူ့ရဲ့ စိတ်ဓာတ်ပိုင်းကိုတော့ တကယ်ကို သဘောကျမိပါတယ်။ သူဟာ ယုံကြည်မှု အပြည့်ရှိပြီး ဘောလုံးရတာနဲ့ ဂိုးထဲကို ကန်သွင်းဖို့ပဲ ကြည့်တာပါ။ ဒါဟာ အလန်ရှီးယားလို စိတ်ဓာတ်မျိုးပါပဲ။”
"ဒါဟာ နည်းပြကြောင့်လည်း ပါပါတယ်။ ကျွန်တော်ကတော့ သူတို့ ယောကရက်စ်ကို အသုံးမပြုဘဲ လက်လွှတ်သင့်ပြီလို့ ထင်ခဲ့ပြီး တစ်ချိန်ချိန်မှာ ဒါဟာ အသင်းကို ထိခိုက်စေနိုင်တယ်လို့ တွေးခဲ့မိပါတယ်။ ဒါပေမဲ့ နည်းပြကတော့ သူ့ကို အပတ်တိုင်း ယုံယုံကြည်ကြည်နဲ့ ဆက်ပြီး အသုံးပြုခဲ့ပါတယ်။ ဒီပွဲမှာ သူပြသခဲ့တဲ့ ကြံ့ခိုင်မှုနဲ့ စွမ်းဆောင်ရည်ဟာ အလန်ရှီးယားနဲ့ တော်တော်လေး ဆင်တူပါတယ်။ အာဆင်နယ်မှာ ရှိတဲ့ တိုက်စစ်မှူးတွေကို ကြည့်လိုက်ရင် သူဟာ ဦးစားပေးစာရင်းရဲ့ အောက်ဆုံးနားမှာပဲ ရှိနေတယ်လို့ ကျွန်တော် ခံစားခဲ့ရပါတယ်။ ဒါကြောင့် ယောကရက်စ်ကို အသင်းလူစာရင်းမှာ ဆက်ပြီး တွေ့နေရတဲ့အပေါ် အံ့သြခဲ့ရတဲ့ အကြိမ်တွေလည်း ရှိခဲ့ပါတယ်။ ဒါပေမဲ့ နည်းပြကိုတော့ ချီးကျူးရမှာပါ။ သူက ယောကရက်စ်ကို ဆက်ပြီး ယုံကြည်ပေးခဲ့သလို ယောကရက်စ်ကလည်း အာဆင်နယ်ရဲ့ ရာသီဝက် အရေးအကြီးဆုံးပွဲတစ်ပွဲမှာ အကောင်းဆုံး ခြေစွမ်းပြပြီး ပြန်လည်ပေးဆပ်နိုင်ခဲ့ပါတယ်" လို့ ၎င်းက ဆိုပါတယ်။