The network connection is lost.

Banner Image

လီဗာပူးမှာ ခြေစွမ်းတွေ ကျဆင်းနေတဲ့ ဆာလက်ကို အလာဒိုက် ဝေဖန်လိုက်ပြီး ကလေးဆိုး တစ်ယောက်လို ပြုမူနေတယ်လို့ ပြောကြား

အင်္ဂလန်အသင်းရဲ့ နည်းပြဟောင်း ဆမ်အလာဒိုက်က ဂိုးမသွင်းနိုင်တာ တော်တော်လေး ကြာနေပြီဖြစ်တဲ့ လီဗာပူးတိုက်စစ်မှူး မိုဟာမက်ဆာလက်ကို ပြင်းပြင်းထန်ထန် ဝေဖန်လိုက်ပါတယ်။

အသက် ၃၃ နှစ်အရွယ် ဆာလက်ဟာ ဒီရာသီမှာ မျှော်လင့်ထားသလောက် ခြေစွမ်းမပြနိုင်ခဲ့ဘဲ လာမယ့်နွေရာသီမှာ အန်ဖီးလ်ကနေ ထွက်ခွာသွားဖို့ ရှိနေပါတယ်။ လီဗာပူးအသင်းကတော့ ဥရောပဝင်ခွင့်ရဖို့ ကြိုးပမ်းနေရတဲ့ အခြေအနေမှာ ရှိနေပါတယ်။

ဒီရာသီမှာ ၇ ဂိုးပဲ သွင်းထားနိုင်သေးတဲ့ အီဂျစ်ဘုရင်ကြီးဟာ သူ့ရဲ့ ပုံမှန်ခြေစွမ်းနဲ့ တော်တော်လေး ကွာဟနေတာကြောင့် လူအများကလည်း သူဟာ ပရီးမီးယားလိဂ်မှာ ဆက်ပြီး ကစားနိုင်စွမ်း မရှိတော့ဘူးလို့ ခန့်မှန်းနေကြပါတယ်။

နော့တမ်ဖောရက်စ်နဲ့ ပွဲမှာလည်း ဂိုးမသွင်းနိုင်ခဲ့တာကြောင့် ဆာလာဟာ ၉ ပွဲဆက်တိုက် ဂိုးပေါက်ပျောက်ဆုံးနေတာဖြစ်ပြီး မကြာခင်မှာ ဂိုးပြန်သွင်းနိုင်မယ့်ပုံလည်း မပေါ်ပါဘူး။

No Tippy Tappy Football ဆိုတဲ့ ပေါ့ဒ်ကတ်စ်မှာ ပြောကြားရာမှာတော့ အလာဒိုက်က ဆာလာအနေနဲ့ ရင့်ကျက်ဖို့ လိုပြီဖြစ်ကြောင်းနဲ့ သူ့ရဲ့ ညံ့ဖျင်းမှုတွေအတွက် တခြားသူတွေကို အပြစ်တင်နေတာတွေ ရပ်သင့်ပြီလို့ ဆိုပါတယ်။

"ဆာလက်အနေနဲ့ အခြေအနေမှန်ကို လက်ခံပြီး ဂိုးတွေပြန်သွင်းနိုင်အောင်ပဲ အာရုံစိုက်ဖို့ လိုပါတယ်။ ဂိုးမသွင်းနိုင်တာ၊ လူစားလဲခံရတာတွေဟာ ကိုယ့်အမှားပဲဖြစ်လို့ အာနယ်စလော့ကို အပြစ်တင်မနေသင့်ပါဘူး။ ဂိုးလည်းမသွင်းနိုင်၊ အခွင့်အရေးလည်း မဖန်တီးနိုင်တဲ့အချိန်မှာ လူစားလဲခံရတာကို စိတ်ပျက်နေလို့ မရဘူး" လို့ သူက ပြောပါတယ်။

"ဒါဟာ စိတ်ပိုင်းဆိုင်ရာ ပိတ်ဆို့နေတာမျိုး ဖြစ်ပုံရပါတယ်။ ခဏတဖြုတ် ခြေစွမ်းကျတာမျိုး မဟုတ်ဘဲ တစ်ရာသီလုံး ဖြစ်နေတာပါ။ ဒါဟာ လီဗာပူးအတွက်ရော ဆာလာ့အတွက်ပါ စိုးရိမ်စရာပါပဲ။"

"ကွင်းထဲမှာ မကျေနပ်တာတွေကို ထုတ်ပြနေတာမျိုး ရပ်သင့်ပါတယ်။ တစ်ခုခုဆိုရင် နည်းပြဆီသွားပြီး တိုင်ပင်ဆွေးနွေးပေါ့။ အားလုံးရှေ့မှာ အခုလိုလုပ်နေတာက ကလေးဆိုးလေး တစ်ယောက်လို ပြုမူနေတာပဲ" လို့ အလာဒိုက်က ဆိုပါတယ်။

အသက် ၃၃ နှစ်အရွယ် ဆာလက်ဟာ နွေရာသီမှာ ဆော်ဒီပရိုလိဂ်ကို ပြောင်းရွှေ့ဖို့ သတင်းတွေ ထွက်ပေါ်နေတာကြောင့် အသင်းပြောင်းဖို့ သေချာသလောက် ရှိနေပါတယ်။ နည်းပြ အာနယ်စလော့ကလည်း ဆာလာ့နေရာမှာ အစားထိုးဖို့အတွက် နယူးကာဆယ်က အန်သိုနီဂေါ်ဒွန်ကို မျက်စိကျနေပါတယ်။