The network connection is lost.

Banner Image

လီဗာပူးလူငယ်ကြယ်ပွင့် ရီယိုအန်ဂူမိုဟာကို အထူးတလည်ချီးမွမ်းခန်းဖွင့်လာတဲ့ ဖာဒီနန်

မန်ချက်စတာယူနိုက်တက် နောက်ခံလူဟောင်း ရီယိုဖာဒီနန်က လီဗာပူးအသင်းက ရီယိုအန်ဂူမိုဟာ အပါအဝင် ပရီးမီးယားလိဂ်မှာ အနာဂတ်တောက်ပလာမယ့် ကစားသမားတွေရဲ့ အမည်ကို ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

အန်ဂူမိုဟာဟာ နော်တင်ဟမ်ဖောရက်စ်ရဲ့ ကွင်းဖြစ်တဲ့ City Ground မှာ ကစားခဲ့တဲ့ လီဗာပူးရဲ့ အဝေးကွင်းပွဲစဉ်မှာ အရန်လူစာရင်းမှာ ပါဝင်ခဲ့ပြီး ပွဲချိန် ၇၇ မိနစ်မှာ လူစားလဲဝင်ရောက်လာခဲ့ပါတယ်။ အဲဒီနောက်မှာတော့ သူဟာ လီဗာပူးအသင်းအတွက် ပွဲအခြေအနေကို လုံးဝပြောင်းလဲပစ်နိုင်ခဲ့ပါတယ်။

မိုဟာမက်ဆာလာနဲ့ ကိုဒီဂက်ပိုတို့ဟာ ဖောရက်စ်အသင်းအပေါ် သက်ရောက်မှုရှိအောင် မစွမ်းဆောင်နိုင်ခဲ့ပေမဲ့ အသက် ၁၇ နှစ်အရွယ်သာရှိသေးတဲ့ အန်ဂူမိုဟာကတော့ လီဗာပူးရဲ့ တိုက်စစ်ကို ထိန်းချုပ်မောင်းနှင်ပြီး အသင်းအတွက် ၃ မှတ် ရရှိအောင် ဦးဆောင်ပေးနိုင်ခဲ့ပါတယ်။

ဒီလူငယ်ကစားသမားလေးဟာ ဖာဒီနန်အပါအဝင် ဘောလုံးဝေဖန်သူတွေရဲ့ အာရုံစိုက်မှုကို အတော်လေးရရှိထားတာဖြစ်ပြီး အင်္ဂလန်အမှတ်ပေးလိဂ်မှာ အနာဂတ်အလွန်တောက်ပမယ့်သူလို့ ဖာဒီနန်က ယုံကြည်နေပါတယ်။

"အခုအချိန်မှာ ပရီးမီးယားလိဂ်မှာ သူတို့ခြေစွမ်းပြနေတာကို ကြည့်ပြီး အနာဂတ်အတွက် ကလေး ၄ ယောက်အပေါ်မှာ ပုံအောပြီး လောင်းကြေးထပ်မယ်ဆိုရင် လီဗာပူးက ရီယို၊ မက်စ်ဒေါမန်း၊ မန်ယူက ဂျေဂျေဂါဘရီယယ်လ်နဲ့ ချယ်လ်ဆီးက ဂျက်ဆီဒယ်ရီတို့ပဲ ဖြစ်ပါတယ်။ လီဗာပူးက ကောင်လေး ရီယိုကတော့ ထိပ်တန်းအဆင့်ပါပဲ။ သူက အသင်းအတွက် ပွဲအခြေအနေကို ပြောင်းလဲပေးခဲ့တာပါ။ ပြိုင်ဘက်ကို ကျော်ဖြတ်ချင်စိတ်ရှိပြီး အရှိန်ရော အနုစိတ်ဖန်တီးမှုပါ ပေါင်းစပ်ပြီး ဘောလုံးပေးပို့နိုင်တဲ့ တောင်ပံကစားသမားမျိုးပါ" လို့ ဖာဒီနန်က X လူမှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။

Rio Ferdinand Presents အစီအစဉ်မှာ ပြောကြားခဲ့စဉ်ကလည်း ယူနိုက်တက်နောက်ခံလူဟောင်းက အန်ဂူမိုဟာကို ခြေစွမ်းပြခွင့် ပိုပေးဖို့ နည်းပြ အန်းစလော့ကို တောင်းဆိုခဲ့ပါတယ်။

"သူ့ကိုကြည့်ရတာ လန်းဆန်းတက်ကြွနေတာပဲ။ ပြိုင်ဘက်နောက်ခံလူတွေကို ထိပ်တိုက်ရင်ဆိုင်ကျော်ဖြတ်ပြီး ဂိုးတိုင်နောက်ဘက်ဆီကို ဘောလုံးအနိမ့်အမြင့် သေချာပေးပို့တတ်သလို ဆုံးဖြတ်ချက်တွေကလည်း မှန်ကန်ပါတယ်။ အမှားတွေတော့ ရှိနိုင်သေးတာပေါ့၊ ဒါပေမဲ့ သူ့ကို ဘာလို့ ပွဲထွက်ခွင့် ပိုမပေးတာလဲ? လက်ရှိကစားနေတဲ့ တောင်ပံကစားသမားတွေ ခြေစွမ်းမပြနိုင်ဘူးဆိုရင် သူက လူစားဝင်ကစားခွင့်ပဲဖြစ်ဖြစ်၊ အနည်းဆုံး ပွဲထွက်ကစားသမားအဖြစ်ပဲဖြစ်ဖြစ် ပါဝင်ခွင့်တောင်းဆိုဖို့ အခွင့်အရေးရှိပါတယ်။ သူက တကယ့်ကို လျှပ်စီးလို မြန်ဆန်ပြီး ထူးခြားတဲ့ ပါရမီရှင်လေးပါ။ ကျွန်တော် သူ့ကို ၁၂ နှစ်၊ ၁၃ နှစ်သားအရွယ်ကတည်းက မြင်ဖူးပါတယ်" လို့ ၎င်းက ဆိုပါတယ်။

မိနစ် ၂၀ လောက်သာ လူစားဝင်ကစားခဲ့ရပေမဲ့ အန်ဂူမိုဟာဟာ ပြီးခဲ့တဲ့ ၇၆ မိနစ်အတွင်း ဆာလာဖန်တီးပေးခဲ့တဲ့ ဂိုးသွင်းခွင့် အရေအတွက်လောက်အထိ ဖန်တီးပေးနိုင်ခဲ့တာကြောင့် ဒါဟာ နည်းပြ အာနယ်ဆလော့အတွက် အလေးအနက် စဉ်းစားစရာ ဖြစ်လာစေပါတယ်။