ကာရစ်လက်ထက်မှာရှုံးပွဲမရှိသေးပေမယ့် ယူနိုက်တက်အနေနဲ့ အခြားနည်းပြရှာသင့်နေပြီလို့ဆိုလာတဲ့ ဂယ်ရီနဗီးလ်
မန်ချက်စတာယူနိုက်တက် နောက်ခံလူဟောင်း ဂယ်ရီနဗီးလ်က သူ့ရဲ့ကလပ်အသင်းအနေနဲ့ နည်းပြသစ်လောင်းတွေကို ထပ်မံရှာဖွေသင့်တယ်လို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ ယူနိုက်တက်ဟာ ကာရစ်ရဲ့ လက်ထက်မှာ အာဆင်နယ်နဲ့ မန်စီးတီးတို့လို အသင်းတွေကို အနိုင်ရရှိခဲ့ပြီး ဒီရာသီမှာ ရှုံးပွဲမရှိသေးတဲ့ စံချိန်ကောင်းတွေနဲ့အတူ ချန်ပီယံလိဂ်ဝင်ခွင့်ရရှိဖို့ ကြိုးပမ်းနေတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ တနင်္လာနေ့ညက ကစားခဲ့တဲ့ အဲဗာတန်နဲ့ အဝေးကွင်းပွဲစဉ်မှာလည်း ယူနိုက်တက်က ၁-၀ နဲ့ အနိုင်ရရှိခဲ့တာကြောင့် ဥရောပဝင်ခွင့်အတွက် အဆင့် ၄ အတွင်းကို ပြန်လည်ရောက်ရှိလာခဲ့ပါတယ်။ ကာရစ်ရဲ့ လက်ထက်မှာ အစပြုမှုတွေ အလွန်ကောင်းမွန်နေပေမဲ့လည်း ရာသီကုန်တဲ့အခါမှာတော့ သူဟာ အသင်းအတွက် အသင့်တော်ဆုံး ရွေးချယ်မှု မဖြစ်နိုင်ဘူးလို့ နဗီးလ်က ဝန်ခံပြောကြားခဲ့ပါတယ်။
"ရလဒ်တွေက ရှေ့လျှောက် ဘယ်လိုဖြစ်လာမလဲဆိုတာ မသေချာတဲ့အတွက် ယူနိုက်တက်အနေနဲ့ အခုအချိန်မှာ တခြားနည်းပြတစ်ယောက်ကို ရှာဖွေဖို့ လိုအပ်ပါတယ်။ အကယ်၍ သူသာ ယူနိုက်တက်ကို ချန်ပီယံလိဂ်ဝင်ခွင့်ရအောင် လုပ်ပေးနိုင်ခဲ့ရင် သူ့ကိုပဲ အမြဲတမ်းနည်းပြအဖြစ် ခန့်အပ်ဖို့ တောင်းဆိုသံတွေ အများကြီး ထွက်လာပါလိမ့်မယ်။ ကျွန်တော်က သူ့ကို နည်းပြအဖြစ် ခန့်အပ်တာကို ဆန့်ကျင်နေတာ မဟုတ်ပါဘူး၊ သူ့ကိုလည်း အများကြီး ချစ်ပါတယ်။ ဒါပေမဲ့ ယူနိုက်တက်အနေနဲ့ ရနိုင်သမျှထဲမှာ အဆင့်အတန်းအမြင့်ဆုံး နည်းပြတစ်ယောက်ကိုပဲ ရွေးချယ်သင့်တယ်လို့ ကျွန်တော် ထင်ပါတယ်။
ပြီးခဲ့တဲ့ နည်းပြရွေးချယ်မှု နှစ်ကြိမ်စလုံးမှာ အတွေ့အကြုံနည်းတဲ့ လူငယ်နည်းပြတွေကိုပဲ ရွေးချယ်ခဲ့ကြတာပါ။ အရင်ကလည်း ကစားသမားဟောင်းဖြစ်တဲ့ အိုလေဂန်နာဆိုးလ်ရှား ရောက်လာခဲ့ပေမဲ့ နောက်ဆုံးမှာတော့ အဆင်မပြေဖြစ်ခဲ့ရပါတယ်။ ဒါကြောင့် စွန့်စားရမှုကို တတ်နိုင်သမျှ လျှော့ချတာဟာ အမှန်ကန်ဆုံး ရွေးချယ်မှု ဖြစ်ပါလိမ့်မယ်" လို့ ၎င်းက ပြောကြားခဲ့ပါတယ်။
လာမယ့် နွေရာသီမှာ နည်းပြသစ်ခန့်အပ်ဖို့အတွက် အသင်းဘုတ်အဖွဲ့က စဉ်းစားနေချိန်မှာ ရီးရဲလ်မက်ဒရစ် နည်းပြဟောင်း ဇီဒန်းဟာ အိုလီဗာဂလက်စနာ၊ အန်ဒိုနီ အီရာအိုလာတို့နဲ့အတူ ယူနိုက်တက်ရဲ့ နည်းပြသစ်ဖြစ်လာဖို့ ရေပန်းစားနေသူတွေ ဖြစ်ပါတယ်။