ဂိုးတွေဆက်တိုက်သွင်းလာနိုင်ခြင်းမှာ နည်းပြတွေရဲ့ကူညီမှုကြောင့်ဖြစ်တယ်လို့ဆိုလာတဲ့ ဆက်စ်ကို
မန်ချက်စတာယူနိုက်တက်တိုက်စစ်မှူး ဘင်ဂျမင်ဆက်စ်ကိုက သူ အခုလို ရုတ်တရက် ဂိုးတွေ ဆက်တိုက်သွင်းယူနိုင်လာတာဟာ နည်းပြဖြစ်သူ ထရာဗစ်ဘင်နီယမ် ရဲ့ သင်ကြားပြသမှုတွေကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။
နည်းပြ ဘင်နီယမ်ဟာ မိုက်ကယ်ကားရစ် ယာယီမန်နေဂျာအဖြစ် တာဝန်ယူချိန်မှာတော့ အသက် ၂၁ နှစ်အောက် အသင်းကနေ စီနီယာအသင်းရဲ့ နည်းပြအဖွဲ့ဝင်အဖြစ် ရာထူးတိုးမြှင့်ခြင်း ခံခဲ့ရသူ ဖြစ်ပါတယ်။
ဆက်စ်ကိုဟာ ပြီးခဲ့တဲ့ တနင်္လာနေ့က အဲဗာတန်နဲ့ပွဲမှာ အနိုင်ဂိုး သွင်းယူပေးခဲ့သလို နောက်ဆုံးကစားခဲ့တဲ့ ၄ ပွဲမှာ ၃ ဂိုးအထိ သွင်းယူပေးထားနိုင်ခဲ့တာပါ။
"ထရာဗစ်က လေ့ကျင့်ရေးအစီအစဉ်တွေပြီးတိုင်း ကျွန်တော့်ကို သီးသန့်လေ့ကျင့်ပေးပါတယ်။ ပရီးမီးယားလိဂ်မှာက အချိန်အများကြီးမရတဲ့အတွက် ဂိုးဧရိယာအတွင်းနဲ့ ဧရိယာအပြင်ဘက်တွေမှာ ဘောလုံးကို အမြန်ဆုံးထိချက်တွေနဲ့ အဆုံးသတ်နိုင်ဖို့ မတူညီတဲ့ လေ့ကျင့်ခန်းတွေကို လုပ်ဆောင်ခဲ့ကြတာပါ" လို့ ဆက်စကိုက ပြောပါတယ်။
"ဒါဟာ ကျွန်တော့်အတွက်တင်မဟုတ်ဘဲ တခြားကစားသမားတွေအတွက်လည်း အများကြီး အထောက်အကူဖြစ်စေပါတယ်။ သူက ကျွန်တော့်ကို အများကြီး ကူညီပေးခဲ့တာကြောင့် အခုလို သူနဲ့အတူ လက်တွဲအလုပ်လုပ်ခွင့်ရတဲ့အတွက် တကယ်ကို ဝမ်းသာမိပါတယ်" လို့လည်း ၎င်းက ဆိုပါတယ်။
နည်းပြ ဘင်နီယမ်ဟာ ဆက်စကိုအပြင် လူငယ်ကစားသမားလေး ချီဒိုအိုဘီကိုလည်း အနီးကပ် လေ့ကျင့်ပေးနေပါတယ်။ ချီဒိုအိုဘီဟာ မနေ့က ကစားခဲ့တဲ့ လက်စတာနဲ့ပွဲမှာ အသင်းအတွက် ၄ ဂိုးစလုံးကို တစ်ဦးတည်း သွင်းယူပေးခဲ့ပြီး ၄-၁ နဲ့ အနိုင်ရရှိအောင် ကူညီပေးခဲ့သူလည်း ဖြစ်ပါတယ်။