The network connection is lost.

Banner Image

ယောကရက်စ် နောက်ထပ် ၂ ဂိုးပါဝင်ပတ်သက်ရုံနဲ့ စပို့တင်းထံ ပေါင် ၄ သိန်း ၃ သောင်းပေးချေသွားရမယ့် အာဆင်နယ်

ဗစ်တာ ယောကရက်စ်က နောက်ထပ် ဂိုး ၂ ဂိုးမှာ ပါဝင်ပတ်သက်နိုင်ခဲ့မယ် (ဂိုးသွင်းတာ ဒါမှမဟုတ် ဖန်တီးတာ) ဆိုရင် အာဆင်နယ်အသင်းအနေနဲ့ စပို့တင်းလစ္စဘွန်းအသင်းကို ပေါင် ၄၃၀,၀၀၀ ပေးချေရမှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ အားလပ်ရက် ပွဲစဉ်မှာ မြောက်လန်ဒန်ပြိုင်ဘက် စပါးအသင်းကို ၄-၁ ဂိုးနဲ့ အနိုင်ရရှိပြီး ပရီးမီးယားလိဂ်ဇယားထိပ်မှာ အမှတ်ဖြတ် ဦးဆောင်နိုင်အောင် ယောကရက်စ်နဲ့ အီဇီတို့က ၂ ဂိုးစီ သွင်းယူပေးခဲ့ပါတယ်။

ဒီဆွီဒင်တိုက်စစ်မှူးရဲ့ သွင်းဂိုး ၂ ဂိုးကြောင့် ယခုနှစ်ဆန်းပိုင်းကတည်းက ကြည့်မယ်ဆိုရင် ပြိုင်ပွဲစုံ ၈ ဂိုးအထိ ရှိလာခဲ့ပြီး ဒါဟာ ဒီကာလအတွင်း တခြား ဘယ်ပရီးမီးယားလိဂ်ကစားသမားထက်မဆို ပိုများတဲ့ ဂိုးအရေအတွက် ဖြစ်ပါတယ်။

ယောကရက်စ်ဟာ ပေါင် ၆၃.၅ သန်းနဲ့ ပြောင်းရွှေ့လာပြီးနောက် အထင်ကြီးစရာကောင်းလောက်အောင် ခြေစွမ်းပြနေသူဖြစ်ပြီး အခုဆိုရင် ဒီရာသီ ပြိုင်ပွဲစုံမှာ ၁၅ ဂိုးသွင်း၊ ၃ ဂိုး ဖန်တီးပေးထားနိုင်လို့ စုစုပေါင်း ဂိုးပါဝင်ပတ်သက်မှု ၁၈ ကြိမ်အထိ ရှိနေပြီ ဖြစ်ပါတယ်။

ဒါပေမဲ့ ပေါ်တူဂီသတင်းစာ O Jogo ရဲ့ ဖော်ပြချက်အရ သူက နောက်ထပ် ဂိုးပါဝင်ပတ်သက်မှု ၂ ကြိမ် ထပ်လုပ်နိုင်ခဲ့မယ်ဆိုရင် အပိုဆုကြေး အဖြစ် ယူရို ၅ သိန်း (ပေါင် ၄ သိန်း ၃ သောင်း) ကို လစ္စဘွန်းအသင်းထံ ပေးချေရမယ့် စာချုပ်ပါ အပိုဒ်တစ်ခု ရှိနေပါတယ်။

အဲဒီပမာဏကိုပဲ ဂိုးပါဝင်ပတ်သက်မှု အကြိမ် ၂၀ ပြည့်တိုင်း ပေးချေရမှာ ဖြစ်တဲ့အတွက် သူက အကြိမ် ၄၀ ပြည့်သွားရင်လည်း ဒီစာချုပ်အပိုဒ်အရ ငွေထပ်ပေးရဦးမှာ ဖြစ်ပါတယ်။

ဒီတိုက်စစ်မှူးက ပွဲချိန် အနည်းဆုံး ၄၅ မိနစ်စီ ပါဝင်ကစားခဲ့တဲ့ ပွဲပေါင်း ၂၀ ပြည့်ပြီးနောက်မှာလည်း စပို့တင်းအသင်းဟာပေါင် ၁.၁ သန်း ရရှိထားပြီး ဖြစ်ပါတယ်။ ဒီရာသီမှာ ပေါ်တူဂီကလပ်ဟာ ဒီတိုက်စစ်မှူးဆီကနေ ငွေတွေ ဆက်တိုက် ရရှိနေတာပါ။

အာဆင်နယ်အသင်းမှာ ဒီရာသီ ပြိုင်ပွဲစုံ ကစားဖို့ ၁၈ ပွဲ ကျန်ရှိနေသေးတာကြောင့် ဆုဖလား စိန်ခေါ်နေတဲ့ အသင်းအတွက် သူ ဆက်လက်ပါဝင်ကစားနေသရွေ့ ယောကရက်စ်အတွက် ပေးချေရမယ့် ပြောင်းရွှေ့ကြေးကလည်း ပိုတိုးလာဖို့ပဲ ရှိနေပါတယ်။