အပြောင်းအရွှေ့အစီအစဉ်သစ်အရ ချီဒိုအိုဘီကို လာမယ့်နွေရာသီမှာ အငှားချဖို့ ယူနိုက်တက် ပြင်ဆင်နေ
ယူနိုက်တက်အသင်းက သူတို့ရဲ့ လူငယ်ကစားသမားလေး ချီဒိုအိုဘီကို လာမယ့်ရာသီမှာ အငှားထွက်ကစားခွင့်ပေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။
Manchester Evening News နဲ့ The Mirror တို့ရဲ့ ဖော်ပြချက်အရ အသင်းရဲ့ အလားအလာအရှိဆုံး လူငယ်ကြယ်ပွင့်တစ်ဦးဖြစ်တဲ့ ချီဒိုအိုဘီရဲ့ တိုးတက်မှုကို အထောက်အကူဖြစ်စေဖို့အတွက် ပွဲထွက်ကစားခွင့် ပိုမိုရရှိစေမယ့် အငှားအစီအစဉ်ကို ယူနိုက်တက်က စီစဉ်နေတာဖြစ်ပါတယ်။
အသက် ၁၇ နှစ်နဲ့ ၁၅၆ ရက်အရွယ်မှာတင် ယူနိုက်တက်အတွက် ပရီမီယံလိဂ်ပွဲစဉ်ကို အသက်အငယ်ဆုံး စတင်ကစားသမားအဖြစ် ပါဝင်ခဲ့တဲ့ ဒီလူငယ်ဒိန်းမတ်ကစားသမားလေးဟာ အရင်ကရှိထားတဲ့ အသင်းရဲ့စံချိန်ကိုလည်း ချိုးဖျက်နိုင်ခဲ့သူပါ။
သူဟာ အကယ်ဒမီအဆင့်မှာ ဂိုးတွေတရစပ်သွင်းယူနေပြီး ယူ-၁၈ ပွဲဦးထွက်မှာတင် ဟက်ထရစ်သွင်းယူနိုင်ခဲ့သလို၊ အနာဂတ်မှာ ယူနိုက်တက်ကို ဦးဆောင်နိုင်မယ့် ကစားသမားတစ်ဦးအဖြစ်လည်း ရှုမြင်ခံထားရပါတယ်။
မကြာသေးခင်ကလည်း လက်စတာစီးတီး ယူ-၂၁ အသင်းကို ၄ ဂိုး ၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ ၄ ဂိုးလုံးကို သူပဲ သွင်းယူခဲ့တာဖြစ်လို့၊ အကယ်ဒမီပွဲတွေကို မကြာခဏလာရောက်ကြည့်ရှုလေ့ရှိတဲ့ ယာယီနည်းပြ ကာရစ်ရဲ့ မျက်စိကျခြင်းကိုလည်း ခံနေရပါတယ်။
ယူနိုက်တက် ယူ-၂၁ နည်းပြဖြစ်သူ ထရက်ဗစ်ဘင်နီယံကလည်း အသက် ၁၈ နှစ်အရွယ် ဒီလူငယ်လေးဟာ အဆင့်အတန်းမြင့်မားတဲ့ ကစားသမားတစ်ဦးဖြစ်လာမယ်လို့ ယုံကြည်နေပါတယ်။
"သူ့အတွက်ကတော့ သိပ်မလွယ်ကူလှပါဘူး၊ ဘာလို့လဲဆိုတော့ လူတွေက သူ့ကို လူကောင်ကြီးတဲ့ ကလေးတစ်ယောက်လိုပဲ မြင်ကြလို့ပါ။ တကယ်တော့ သူက အသက်ငယ်သေးသလို ကစားကွက်ကိုလည်း သင်ယူနေတုန်းပါပဲ။ သူက ပထမအသင်းမှာ ပါဝင်ကစားခွင့်ရခဲ့ဖူးတဲ့အတွက် လူတွေက သူ့ဆီကနေ အဆင့်အတန်းမြင့်ပြီး တည်ငြိမ်တဲ့ စွမ်းဆောင်ရည်တွေကို မျှော်လင့်ထားကြပါတယ်။ တကယ်တော့ တိုင်းပြည်အနှံ့က ပထမအသင်းကစားသမားတွေတောင်မှ အဲ့ဒီလိုမျိုး အမြဲတမ်း မလုပ်နိုင်ကြပါဘူး။ သူ့အပေါ် မျှော်လင့်ချက်တွေ မြင့်မားနေပေမဲ့ သူက အခြေခံအချက်တွေကို အကောင်းဆုံး လုပ်ဆောင်ပြရမှာပါ။ သူကွင်းထဲကမထွက်ခင် မိနစ် ၃၀ ကနေ ၈၀ ကြားမှာ လုပ်ပြသွားတာကတော့ ပြိုင်ဘက်ကို ဖိအားပေးတာ၊ အပြေးမပျက်တာနဲ့ တခြားကစားသမားတွေ နေရာလွတ်ရအောင် ဗဟိုနောက်ခံလူနှစ်ယောက်လုံးကို ထိန်းချုပ်ထားနိုင်တာပါ၊ ဒါကြောင့်လည်း ကျွန်တော်တို့ ဘောလုံးပိုင်ဆိုင်မှုမှာ အသာစီးရခဲ့တာပါ။ သူ့ဆီမှာ ပြစရာတွေ အများကြီး ကျန်ပါသေးတယ်။ ဒါတွေက သူဂိမ်းကို ဘယ်လိုမြင်သလဲ၊ ဘယ်လောက်အလုပ်ကြိုးစားသလဲဆိုတဲ့အပေါ်မှာ မူတည်ပါတယ်။ ပထမအသင်းမှာ ပါဝင်ကစားခွင့်ရပြီးနောက်မှာ ကိုယ့်ကိုယ်ကိုယ် ပြန်ဆန်းစစ်ပြီး အားနည်းချက်တွေကို ပြင်ဆင်ဖို့က စိန်ခေါ်မှုတစ်ခုပါပဲ" လို့ ပြောကြားခဲ့ပါတယ်။
ဒီလူငယ်လေးဟာ ပရီးမီးယားလိဂ်ရဲ့ပြင်ပမှာ ကစားခွင့်ရရှိပြီး ခြေစွမ်းပြသနိုင်ဖို့အတွက် ချန်ပီယံရှစ်ကလပ်တစ်ခုခုဆီ အငှားသွားရောက်ကစားရဖွယ် ရှိနေပါတယ်။