မိုင်နူးရဲ့စာချုပ်သစ်အတွက် ဆွေးနွေးမှုတွေမပြုလုပ်ရသေးတဲ့ ယူနိုက်တက်
မိုက်ကယ်ကာရစ် လက်ထက်မှာ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပြန်လည်ပါဝင်လာပေမဲ့ မန်ချက်စတာယူနိုက်တက်အသင်းကတော့ ကွင်းလယ်လူ ကိုဘီမိုင်နူးနဲ့ စာချုပ်သစ်အတွက် ဆွေးနွေးမှုတွေ မလုပ်ရသေးပါဘူး။
အသက် ၂၀ အရွယ် မိုင်နူးဟာ ရူဘင်အာမိုရင် အသင်းမှာ ရှိနေခဲ့တဲ့ ၁၄ လတာ ကာလအတွင်း ပွဲထွက်ခွင့် အနည်းငယ်သာ ရရှိခဲ့ပြီး ပြီးခဲ့တဲ့ နွေရာသီက အသင်းကနေ အငှားနဲ့ ထွက်ခွာခွင့်တောင် တောင်းဆိုခဲ့ဖူးသူပါ။ ဒါပေမဲ့ အခု ယာယီနည်းပြ မိုက်ကယ်ကားရစ် လက်ထက်မှာတော့ မိုင်နူးက နေရာပြန်ရလာခဲ့ပြီး ကားရစ် ကိုင်တွယ်ခဲ့တဲ့ ၆ ပွဲမှာ ၅ ပွဲအထိ မိနစ် ၉၀ ပြည့် ပါဝင်ကစားပေးထားပါတယ်။
The Sun သတင်းစာရဲ့ ဖော်ပြချက်အရ မိုင်နူး ခြေစွမ်းပြနေပေမဲ့လည်း ယူနိုက်တက်ဘက်ကတော့ လူငယ်ကွင်းလယ်လူနဲ့ စာချုပ်သစ်ကိစ္စကို အခုထိ မစတင်ရသေးဘူးလို့ သိရပါတယ်။ မိုင်နူးရဲ့ လက်ရှိစာချုပ်က ၂၀၂၇ ခုနှစ် နွေရာသီမှာ သက်တမ်းကုန်ဆုံးမှာဖြစ်ပြီး အရင်ကတော့ သူ့ကို ချယ်လ်ဆီးနဲ့ နာပိုလီတို့လို အသင်းတွေက စိတ်ဝင်စားခဲ့ကြပါတယ်။