ယူနိုက်တက်အကယ်ဒမီအပေါ် ဖာနန်ဒက်စ်ရဲ့လွှမ်းမိုးနိုင်မှုကို ထုတ်ဖော်ပြောကြားလာတဲ့ အိုဗာရီ
မန်ချက်စတာယူနိုက်တက် အကယ်ဒမီနောက်ခံလူ ဂျိမ်းစ်အိုဗာရီက အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်ဟာ အသင်းက လူငယ်ကစားသမားတွေအပေါ် ဘယ်လောက်တောင် စိတ်စေတနာကောင်းလဲဆိုတာကို ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
အိုဗာရီကို သူ့ရဲ့ စံပြပုဂ္ဂိုလ်တွေအကြောင်း မေးမြန်းတဲ့အခါမှာ ဖာနန်ဒက်စ်ရဲ့ ကောင်းမွန်တဲ့ လွှမ်းမိုးမှုတွေအကြောင်းကို အားတက်သရော ပြန်လည်ဖြေကြားခဲ့တာပါ။
သူက "ကျွန်တော့်ဖခင်ကတော့ အသေအချာပါပဲ... ဒါပေမဲ့ ကစားသမားတစ်ယောက်အနေနဲ့ဆိုရင်တော့ ဘရူနိုဖာနန်ဒက်စ်လို့ပဲ ကျွန်တော် ကျိန်းသေပေါက် ပြောပါလိမ့်မယ်" လို့ ဆိုပါတယ်။
"ပြီးခဲ့တဲ့အကြိမ် သူနဲ့အတူ လေ့ကျင့်ခန်းဆင်းတုန်းက ကျွန်တော်တို့အသင်းရဲ့ ဖရီးကစ်ကန်တဲ့သူတစ်ယောက် ဒဏ်ရာရနေလို့ ကျွန်တော်ပဲ ဖရီးကစ်တွေ လေ့ကျင့်ကန်နေခဲ့တာပါ။ တကယ်လို့ ပွဲထဲမှာ ဖရီးကစ်ရခဲ့ရင် ငါပဲ ကန်ရမယ်လို့ စဉ်းစားပြီး လေ့ကျင့်နေတဲ့အချိန်မှာ သူရောက်လာပြီး တစ်နာရီလောက်ကြာအောင် နည်းစနစ်တွေကို သင်ပေးခဲ့ပါတယ်။ 'ငါကတော့ ဒီလိုလုပ်တယ်၊ ဒီလူကို ချိန်ပစ်တယ်၊ ဘောလုံးကို ဘယ်လို ဝိုက်ကန်ရမလဲ ဒါမှမဟုတ် ဘယ်နားကို ကန်ရမလဲ' ဆိုတာမျိုးတွေ သင်ပေးခဲ့တာပါ။ ကျွန်တော် သူ့ကို တကယ်ပဲ အားကျရပါတယ်"
"လေ့ကျင့်ခန်း အစီအစဉ်တွေမှာတောင် သူက အသင်းကို အကောင်းဆုံး ဦးဆောင်ကစားပြလေ့ရှိသလို အတော်ဆုံး ကစားသမားတွေထဲက တစ်ယောက်လည်း ဖြစ်ပါတယ်။ သူနဲ့ ကိုဘီမိုင်နူး တို့ဆိုရင် တကယ်ကို အံ့ဩဖို့ကောင်းလောက်အောင် တော်ကြတာပါ" လို့ အိုဗာရီက ပြောကြားခဲ့ပါတယ်။