လာမယ့်နွေရာသီမှာ ရက်ရှ်ဖို့ဒ်ကို ယူရိုသန်း ၃၀ နဲ့အပြီးသတ်ခေါ်ယူနိုင်ဖွယ်ရှိတဲ့ ဘာစီလိုနာ
အငှားနဲ့ လာရောက်ကစားနေတဲ့ တောင်ပံကစားသမား မားကပ်စ်ရက်ရှ်ဖို့ဒ်ကို အပြီးသတ်ခေါ်ယူဖို့အတွက် ဘာစီလိုနာဟာ မန်ချက်စတာ ယူနိုက်တက်နဲ့ ဆွေးနွေးမှုတွေမှာ တိုးတက်မှုတွေ ရှိလာခဲ့ပါတယ်။
အသက် ၂၈ နှစ်အရွယ် အင်္ဂလန်လက်ရွေးစင်ကစားသမားဟာ ဒီရာသီမှာ ဘာစီလိုနာနည်းပြ ဟန်ဆီဖလစ်လက်အောက်မှာ ၁၀ ဂိုးသွင်း၊ ဂိုးဖန်တီးမှု ၁၃ ကြိမ် ပြုလုပ်ထားပြီး အခုအချိန်အထိ အံ့အားသင့်စရာကောင်းလောက်အောင် ပုံစံကောင်း ပြသနေတာပါ။
အငှားစာချုပ်သက်တမ်း ကုန်ဆုံးချိန်မှာ ရက်ရှ်ဖို့ဒ်ကို ပေါင် ၂၆ သန်းဝန်းကျင်နဲ့ အပြီးသတ်ခေါ်ယူခွင့် ဘာစီလိုနာမှာ ရှိနေပြီး စပိန်ထိပ်သီးကလပ်ကလည်း သူ့ကို ဆက်ထိန်းထားဖို့ စိတ်အားထက်သန်နေပါတယ်။ ဖာဘရီဇီယို ရိုမန်နိုရဲ့ ဖော်ပြချက်အရ လာလီဂါဇယားထိပ်က ဘာစီလိုနာဟာ အပြောင်းအရွှေ့ကို အပြီးသတ်နိုင်ဖို့အတွက် ဒီတစ်ပတ်အတွင်းမှာ ဆွေးနွေးမှုတွေ လုပ်ဆောင်နေပါတယ်။
"လာမယ့်နွေရာသီမှာ အပြီးသတ်ပြောင်းရွှေ့နိုင်ဖို့အတွက် ဘာစီလိုနာဟာ ရက်ရှ်ဖို့ဒ်နဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီမှု ရရှိဖို့ ဆွေးနွေးမှုတွေမှာ တိုးတက်မှုတွေ ရှိနေပါတယ်။ ဘာစီလိုနာက ရက်ရှ်ဖို့ဒ်ကို ဆက်ထိန်းချင်နေပေမဲ့ ယူနိုက်တက်ဘက်ကတော့ ယူရို သန်း ၃၀ ဝယ်ယူခွင့်အပိုဒ်ကို လျှော့စျေးပေးမှာ မဟုတ်ဘူးလို့ အခိုင်အမာ ပြောဆိုထားပါတယ်" လို့ ရိုမန်နိုက ဆိုပါတယ်။
အသက် ၂၇ နှစ်အရွယ် ရက်ရှ်ဖို့ဒ်ရဲ့ ခြေစွမ်းဟာ နူးကမ့်က တာဝန်ရှိသူတွေကို ကျေနပ်စေခဲ့ပြီး တိုက်စစ်အတွက် ရေရှည်အားထားရမယ့်သူ ဖြစ်လာနိုင်တယ်လို့ ယုံကြည်စေခဲ့ပါတယ်။ စပိန်မြေမှာ တကယ်ကို ခြေစွမ်းပြနေတဲ့ ဒီတိုက်စစ်မှူးကို နည်းပြဖလစ်ကလည်း အသင်းမှာ ဆက်ထားချင်နေတာပါ။
ယူနိုက်တက် တာဝန်ရှိသူတွေကတော့ လက်ရှိမှာ ရက်ရှ်ဖို့ဒ်ရဲ့ တန်ကြေးဟာ ပေါင် သန်း ၅၀ နီးပါး ရှိနေပြီလို့ ယူဆနေကြပေမဲ့ ဘာစီလိုနာကတော့ အစောပိုင်းက သဘောတူထားတဲ့ ဈေးနှုန်းသက်သက်သာသာနဲ့ပဲ အပြတ်ခေါ်ယူသွားမှာဖြစ်ပြီး ဈေးတိုးပေးမှာ မဟုတ်ပါဘူး။
ရက်ရှ်ဖို့ဒ်ကိုယ်တိုင်ကလည်း ဘာစီလိုနာမှာ အပြီးသတ်နေထိုင်ချင်နေတာကြောင့် ဒါကို အခွင့်ကောင်းယူပြီး ပေါင် သန်း ၅၀ တန် ကစားသမားကို ဈေးနှုန်းသက်သက်သာသာနဲ့ အပြီးသတ်ခေါ်ယူနိုင်ဖို့ ဘာစီလိုနာက ကြိုးစားနေတယ်လို့ The Mirror က ဖော်ပြခဲ့ပါတယ်။