The network connection is lost.

Banner Image

အင်္ဂလိပ်စာ မသင်ယူခဲ့တာကို အကြီးအကျယ် နောင်တရမိတယ်လို့ မက်ဆီ ဝန်ခံ

လီယွန်နယ်မက်ဆီဟာ သူ့ရဲ့ အောင်မြင်ကျော်ကြားတဲ့ ဘောလုံးသမားဘဝမှာ ငယ်စဉ်က အင်္ဂလိပ်စာ မတတ်မြောက်ခဲ့တာကို အခုအခါမှာ နောင်တရမိတယ်လို့ ဝန်ခံပြောကြားလိုက်ပါတယ်။

မက်ဆီဟာ ဘာစီလိုနာ၊ ပီအက်စ်ဂျီနဲ့ အင်တာမိုင်ယာမီတို့လို အသင်းကြီးတွေမှာ ကစားခဲ့ပြီး ဘော်လွန်ဒီအောဆု ၈ ကြိမ်အထိ စံချိန်တင် ရယူနိုင်ခဲ့တဲ့ သမိုင်းတစ်လျှောက် အအောင်မြင်ဆုံး ကစားသမားတစ်ဦးပါ။

ဒါပေမဲ့ ဒီလောက်အောင်မြင်မှုတွေ ရထားတဲ့ ကမ္ဘာ့ဖလားချန်ပီယံကြီးဟာ ပရိသတ်တွေ အမြဲပြောလေ့ရှိကြတဲ့ အင်္ဂလိပ်စာ မတတ်တဲ့ကိစ္စကို နောင်တရမိကြောင်း ဖွင့်ဟလာခဲ့ပါတယ်။

Miro de Atrás အမည်ရှိ ပေါ့တ်ကတ်စ်တစ်ခုမှာ မက်ဆီက သူ့ရဲ့ ပညာရေးအကြောင်းနဲ့ သားသမီးတွေကို ပေးနေတဲ့ သင်ခန်းစာတွေအကြောင်း ပြောပြခဲ့ပါတယ်။

"ငယ်ငယ်က အင်္ဂလိပ်စာ မသင်ခဲ့ရတာကိုပါ။ အနည်းဆုံးတော့ အင်္ဂလိပ်စာ လေ့လာဖို့ အချိန်တွေ အများကြီး ရှိခဲ့ပေမဲ့ ကျွန်တော် မလုပ်ဖြစ်ခဲ့ဘူး။ အဲဒါကို တကယ်ပဲ နောင်တရမိတယ်။ တကယ့် နာမည်ကျော် လူပုဂ္ဂိုလ်တွေနဲ့ ဆုံတဲ့အခါ စကားပြောဖို့၊ စကားစမြည်ပြောဖို့ ကြုံလာရင် ကိုယ့်ကိုယ်ကိုယ် လူတောမတိုးသလိုမျိုး၊ ဘာမှမသိတဲ့သူတစ်ယောက်လိုမျိုး ခံစားရတဲ့ အခြေအနေတွေ ကြုံခဲ့ရတယ်" လို့ မက်ဆီက ပြောပါတယ်။

" 'ငါ တကယ် အတာပဲ၊ အချိန်တွေ အလကား ဖြုန်းခဲ့မိတယ်' လို့ အမြဲ တွေးမိတယ်။ ငယ်ငယ်တုန်းကတော့ ဒါကို သတိမထားမိခဲ့ဘူး။ အခုတော့ ကျွန်တော့် သားသမီးတွေကို ပညာရေး ကောင်းကောင်းရှိဖို့၊ စာသင်ဖို့နဲ့ အဆင်သင့်ဖြစ်နေဖို့ အမြဲ မှာဖြစ်တယ်။ ဒီအခွင့်အရေးကို အမိအရ ဆုပ်ကိုင်ထားဖို့ သူတို့ကို အမြဲပြောပါတယ်။ သူတို့ရဲ့ အခြေအနေက ကျွန်တော့်တုန်းကထက် ပိုကောင်းတာပေါ့၊ ကျွန်တော့်တုန်းကလည်း ဘာမှတော့ လိုလေသေးမရှိခဲ့ပါဘူး" လို့ သူက ဆိုပါတယ်။

မက်ဆီဟာ အသက် ၁၃ နှစ်သားမှာ ဇာတိမြေ ရိုဆာရီယိုကနေ ဘာစီလိုနာကို ရောက်လာခဲ့တာဖြစ်ပြီး သူ့ရဲ့ ပညာရေးကတော့ ဂုဏ်ယူစရာ သိပ်မရှိခဲ့ဘူးလို့ ဝန်ခံပါတယ်။

"အာဂျင်တီးနားမှာ ကျောင်းတက်ခဲ့တဲ့ နောက်ဆုံးနှစ်ကတော့ တကယ့်ကို အလွဲအချော်တွေပါပဲ" လို့ သူက ဝန်ခံခဲ့ပါတယ်။

"အဲဒီတုန်းက ကျွန်တော် ထွက်သွားတော့မယ်ဆိုတာ သိနေတယ်။ ဘာစီလိုနာရောက်တော့မှ လာမာစီယာက တခြားကလေးတွေနဲ့အတူ အထက်တန်းကျောင်း ပြီးခဲ့တာပါ" လို့ ဆိုပါတယ်။

ပီအက်စ်ဂျီ မှာ ၂ နှစ် ကစားခဲ့ပြီး ၂၀၂၃ မှာ အင်တာမိုင်ယာမီကို ပြောင်းရွှေ့ခဲ့တဲ့ မက်ဆီက ဘောလုံးလောကဟာ သူ့ကို အရေးကြီးတဲ့ ဘဝသင်ခန်းစာတွေ ပေးခဲ့တယ်လို့လည်း ထပ်ပြောပါတယ်။

"ကျွန်တော် ဘောလုံးလောကမှာ အောင်မြင်မှု အထွတ်အထိပ် ရောက်ခဲ့ပေမဲ့ လမ်းတစ်လျှောက်မှာ အတွေ့အကြုံတွေနဲ့ သင်ခန်းစာတွေ အများကြီး ရခဲ့ပါတယ်။ ဘောလုံးဆိုတာ ဘဝနေထိုင်မှု ပုံစံတစ်ခုလိုပါပဲ။ သင့်ကို အများကြီး သင်ပေးတယ်၊ တန်ဖိုးရှိတဲ့ အရာတွေ ပေးတယ်။ တစ်သက်တာ ခင်မင်မှုတွေ ဖန်တီးပေးသလို နေရာအသစ်တွေနဲ့လည်း ရင်းနှီးစေပါတယ်" လို့ မက်ဆီက ပြောကြားသွားခဲ့ပါတယ်။