The network connection is lost.

Banner Image

ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ကလော့ပ်ရဲ့လီဗာပူးအသင်းလိုဖြစ်လာဖို့ ရည်မှန်းထားတဲ့ ဘိုဒိုဂလင့်

အင်တာမီလန်ကို အနိုင်ရရှိခဲ့ပြီးနောက် ဘိုဒိုဂလင်းနည်းပြကီဂျေတေးနူတ်ဆင်က ယာဂန်ကလော့ပ်ရဲ့ လီဗာပူးအသင်းဆီမှ အတုယူစရာသင်ခန်းစာတွေ ရရှိခဲ့တယ်လို့ ပြောကြားလိုက်ပါတယ်။

လူဦးရေလေးသောင်းဝန်းကျင်သာရှိတဲ့မြို့လေးမှာအခြေစိုက်တဲ့ နော်ဝေကလပ်အသင်း ဘိုဒိုဂလင့်က အင်္ဂါညပိုင်း၊ ချန်ပီယံလိဂ်ပွဲစဉ်မှာ မကြာသေးခင်နှစ်တွေအတွင်း ဥရောပရဲ့အံ့အားသင့်စရာအကောင်းဆုံးရလဒ်တစ်ခုအဖြစ် စီးရီးအေထိပ်သီးအင်တာမီလန်ကို ပြိုင်ပွဲလမ်းကြောင်းမှ ထုတ်ပယ်နိုင်ခဲ့ပါတယ်။ဘိုဒိုဂလင့်က နော်ဝေမှာကစားခဲ့တဲ့ပထမအကျော့ပွဲစဉ်မှာ ၃-၁ ဂိုးဖြင့် အနိုင်ရခဲ့ပြီးနောက် ဆန်စီရိုကွင်းမှာလည်း ၂-၁ ဂိုးဖြင့် ထပ်မံအနိုင်ရခဲ့တာကြောင့် နှစ်ကျော့ပေါင်းရလဒ် ၅-၂ ဂိုးဖြင့် အင်တာမီလန်ပရိသတ်တွေကို အိမ်ကွင်းမှာ စိတ်ပျက်သွားစေခဲ့ပါတယ်။

သူတို့က လာမယ့် ၁၆-သင်းရှုံးထွက်အဆင့်မှာ မန်စီးတီး သို့မဟုတ် စပို့တင်းလစ္စဘွန်းနဲ့ ရင်ဆိုင်ရဖို့ရှိနေပြီးဒီလောက်အထိစွမ်းဆောင်နိုင်မယ်လို့ ဘယ်သူမှမမျှော်လင့်ထားတဲ့ အသင်းတစ်ခုအတွက် တကယ့်ကို အထင်ကြီးစရာခရီးစဉ်တစ်ခု ဖြစ်နေပါပြီ။

ဆန်စီရိုကွင်းပွဲစဉ်အပြီးမှာတော့ နည်းပြနူတ်ဆင်က ၂၀၁၉ ခုနှစ်မှာ ချန်ပီယံဖြစ်ခဲ့တဲ့ ကလော့ပ်ရဲ့ လီဗာပူးအသင်းဆီမှ သင်ခန်းစာတွေ ရယူခဲ့တယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

"ဒါက ကျွန်တော်တို့ရွေးချယ်ထားတဲ့ လမ်းကြောင်းဖြစ်ပြီး အချက်အလက်တော်တော်များများ ပါဝင်ပါတယ်။ ရှင်းလင်းတဲ့ပုံစံတစ်ခုရှိဖို့ လိုသလို၊ ပြင်းထန်တဲ့လေ့ကျင့်ခန်းတွေ၊ ကွင်းအတွင်းမှာ ထိရောက်တဲ့ အလုပ်လုပ်နိုင်စွမ်းတွေနဲ့ မြန်နှုန်းမြင့်ကစားနိုင်ဖို့ တတ်နိုင်သမျှ ကြိုးစားသွားရပါမယ်" လို့ နူတ်ဆင်က ဆိုပါတယ်။

"ဒါ့အပြင် ပွဲကစားပုံရဲ့အရှိန်အဟုန်ကလည်း အမြဲတမ်းအဆုံးအဖြတ်ပေးနိုင်ပါတယ်။ ကျွန်တော်တို့လည်း သင်ခန်းစာတွေအများကြီးရယူခဲ့ရပြီး အဲ့ဒီမှာဆိုရင် ကလော့ပ်နဲ့ လီဗာပူးလည်း ပါဝင်ပါတယ်။ သူတို့ရဲ့ကစားပုံအတိုင်းဖြစ်လာဖို့ ကျွန်တော်တို့ အပြင်းအထန်ကြိုးစားနေပါတယ်" လို့ ၎င်းက ဆက်ပြောပါတယ်။

ကလော့ပ်က အန်းဖီးမှာရှိနေချိန် သုံးကြိမ်အပါအဝင် နည်းပြဘ၀မှာ ချန်ပီယံလိဂ်ဗိုလ်လုပွဲဆီ လေးကြိမ်အထိ တက်လှမ်းနိုင်ခဲ့ပါတယ်။ တစ်ကြိမ်သာ ဗိုလ်စွဲခဲ့ပေမဲ့ နူတ်ဆင်ကတော့ အောင်မြင်မှုတွေရရှိခဲ့တဲ့ ကလော့ပ်ရဲ့နည်းဗျူဟာနဲ့ကစားဟန်ကို အလွန်အမင်းနှစ်သက်သဘောကျနေပါတယ်။

နော်ဝေလိဂ်ပြိုင်ပွဲက ၂၀၂၅ ခုနှစ်၊ မတ်လမှာ စတင်ပြီး နိုဝင်ဘာလမှာ ပြီးဆုံးခဲ့လို့ ဘိုဒိုဂလင့်က ပြည်တွင်းလိဂ်ပွဲစဉ်တွေနဲ့ သုံးလနီးပါးကြာ ဝေးကွာနေရပေမဲ့ အခုလို အံ့အားသင့်စရာအောင်မြင်မှုတွေကို ဖော်ဆောင်ထားနိုင်ပါတယ်။