The network connection is lost.

Banner Image

လက်ရွေးစင်အသင်းမှာ ဘောလုံးကစားတိုင်း ဂျိုတာကိုသတိရမိကြောင်းဖွင့်ဟလာတဲ့ လီယာအို

အေစမီလန်တိုက်စစ်မှူး ရာဖေးလ်လီယာအိုက သူဟာ ကွယ်လွန်သွားပြီဖြစ်တဲ့ သူ့ရဲ့လက်ရွေးစင်အသင်းဖော် သူငယ်ချင်း ဒီယေဂိုဂျိုတာကို ပေါ်တူဂီအသင်းမှာ ဘောလုံးကစားတိုင်း သတိရနေဆဲဖြစ်ကြောင်း ဖွင့်ဟပြောကြားလာခဲ့ပါတယ်။
ပေါ်တူဂီ တိုက်စစ်မှူးနဲ့ သူရဲ့ ညီဖြစ်သူ အန်ဒရီ ဆေးလ်ဗားတို့ဟာ ပြီးခဲ့တဲ့ ဇူလိုင်လက စပိန်နိုင်ငံ၊ ဆာနာဘရီယာဒေသ၊ ဇာမိုရာ မှာ ကားမတော်တဆမှုဖြစ်ပြီး ဝမ်းနည်းစရာကောင်းလောက်အောင် ကွယ်လွန်သွားခဲ့တာပါ။ ဒီဖြစ်ရပ်ဟာ ဘောလုံးလောက တစ်ခုလုံးကို တုန်လှုပ်စေခဲ့ပါတယ်။

လီဗာပူးအသင်းက သူ့ကို အမှတ်ရတဲ့အနေနဲ့ ကျောနံပါတ် (၂၀) အင်္ကျီကို အနားပေးခဲ့သလို အသင်းပရိသတ်တွေကလည်း ပွဲစဉ်တိုင်းရဲ့ မိနစ် ၂၀ ရောက်တိုင်း ဂျိုတာရဲ့ နာမည်ကို သီချင်းဆိုပြီး ဂုဏ်ပြုနေကြဆဲ ဖြစ်ပါတယ်။

အခုဆိုရင် ဒီဖြစ်ရပ် ဖြစ်ပွားခဲ့တာ တစ်နှစ်နီးပါး ရှိလာပြီဖြစ်ပေမဲ့ လူအများအပြားကတော့ ဝမ်းနည်းနေကြဆဲပါ။ ဂျိုတာရဲ့ ပေါ်တူဂီအသင်းဖော်ဟောင်း လီယာအိုက သူ့ရဲ့ နိုင်ငံသားချင်းဖြစ်သလို သူငယ်ချင်းလည်းဖြစ်သူ ဆုံးရှုံးခဲ့ရတာနဲ့ ပတ်သက်ပြီး ဒီအပတ်ထဲမှာ ပြောကြားခဲ့တာပါ။

"လူတိုင်းက သူ့ကို ချစ်ကြပါတယ်။ တစ်ခါတလေ သူက သီးသန့်နေပြီး ဇနီး ဒါမှမဟုတ် သားသမီးတွေနဲ့ စကားပြောနေတတ်ပေမဲ့ သူဟာ အသင်းဖော်ကောင်း တစ်ယောက်ဖြစ်ပြီး လူတိုင်းကို အမြဲတမ်း ကူညီချင်စိတ် ရှိသူပါ။ ကျွန်တော့်ကိုတောင် တစ်ခါတလေ ကူညီပေးခဲ့ဖူးပါတယ်" လို့ လီယာအိုက ဆိုပါတယ်။

"တစ်ခါတလေ ကျွန်တော်က သူ့ကို တချို့အရာတွေ အကူအညီတောင်းသလို သူကလည်း သူ့မိသားစုအတွက် အေစီမီလန်ပွဲတွေ လာကြည့်ဖို့ လက်မှတ်တွေ တောင်းလေ့ရှိတယ်"

"ပွဲတိုင်းမှာ ကျွန်တော်တို့ သူ့ကို သတိရနေမိတယ်။ ပွဲပြီးတိုင်း သူက အမြဲတမ်း အောင်ပွဲခံနေတတ်သလို ဂိုးသွင်းနိုင်ခဲ့ရင်လည်း အတူရှိနေတာပါ။ ပွဲတိုင်းမှာ သူ့ကို သတိရနေပါတယ်"

ဒီနွေရာသီမှာ အမေရိကန်၊ မက္ကဆီကိုနဲ့ ကနေဒါနိုင်ငံတို့မှာ ကျင်းပမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲကို ပေါ်တူဂီအသင်း သွားရောက်ယှဉ်ပြိုင်ချိန်မှာတော့ ဂျိုတာကို သတိရမှုတွေက ပိုလို့တောင် ကြီးထွားလာဦးမှာပါ။ လီယာအို အပါအဝင် အသင်းသားတွေဟာ ကွယ်လွန်သွားတဲ့ အသင်းဖော်ဟောင်းအတွက် ဒီပြိုင်ပွဲမှာ အစွမ်းကုန် ကြိုးစားသွားကြမှာ ဖြစ်ပါတယ်။