ကိုမိုလူငယ်ကြယ်ပွင့်ရာမွန်ကို အသင်းဆီပြန်ခေါ်ယူဖို့ လုပ်ဆောင်လာတဲ့ ရီးရဲလ်မက်ဒရစ်
ရီးရဲလ်မက်ဒရစ်က ဖာဘရီဂတ်စ်လက်အောက် ကိုမိုအသင်းရဲ့လူငယ်ဗဟိုနောက်ခံလူ ဂျာကိုဘိုရာမွန်ကို လာမယ့်နွေရာသီမှာ ပြန်လည်ခေါ်ယူဖို့ လုပ်ဆောင်နေပါတယ်။
အသက် ၂၁ နှစ်အရွယ်ကစားသမားက ပြီးခဲ့တဲ့နွေရာသီအတွင်း ငယ်ဘဝကလပ်ရီးရဲလ်မက်ဒရစ်မှ ကိုမိုဆီ ပြောင်းရွှေ့ခဲ့ပြီး အီတလီမြေမှာအထင်ကြီးစရာကောင်းတဲ့ခြေစွမ်းတွေ ပြသခဲ့ပါတယ်။
ရီးရဲလ်မက်ဒရစ်နဲ့ ကိုမိုတို့အကြား အပြောင်းအရွှေ့သဘောတူညီမှုစာချုပ်မှာ ယူရို ၈ သန်းဖြင့် ပြန်လည်ဝယ်ယူခွင့် (Buy-back clause)ပါဝင်နေသလို ရာမွန်ကိုယ်တိုင်လည်း အသင်းဟောင်းဆီပြန်လာဖို့ ဆန္ဒရှိနေတယ်လို့ သိရပါတယ်။
AS သတင်းဌာနရဲ့ဖော်ပြချက်အရ စပိန်ထိပ်သီးကလပ်ရီးရဲလ်မက်ဒရစ်က အဲ့ဒီသဘောတူညီချက်ကို အသုံးချပြီး ရာမွန်ကို ပြန်လည်ခေါ်ယူသွားဖို့ရှိသလို ဆန်တီယာဂိုဘာနေဗျူးအတွက် ရေရှည်ပွဲထွက်ကစားသမားအဖြစ် သတ်မှတ်ထားတယ်လို့ သိရပါတယ်။
ရာမွန်ကို ချဲလ်ဆီးနဲ့ လီဗာပူးတို့လိုအသင်းတွေလည်း စိတ်ဝင်စားနေကြပေမဲ့ ရီးရဲလ်မက်ဒရစ်ဆီ ပြန်လာဖို့သာ အဖြစ်နိုင်ဆုံးအခြေအနေမှာ ရှိနေပါတယ်။