
လီဗာပူးပရိသတ်တွေဆီ စိတ်လှုပ်ရှားဖွယ်သတင်းစကား ပေးပို့လာတဲ့ လူးဝစ်ဒီယက်ဇ်
ကလပ်အသင်းအတွက် နောက်ထပ်လိဂ်ချန်ပီယံဆုဆွတ်ခူးဖို့ နီးကပ်လာချိန်မှာပဲ လီဗာပူးတောင်ပံကစားသမားလူးဝစ်ဒီယက်ဇ်က ပရိသတ်တွေဆီ စိတ်လှုပ်ရှားဖွယ်သတင်းစကားတစ်ခု ပေးပို့ခဲ့ပါတယ်။ ကြိုးကြာနီတွေက ပြီးခဲ့တဲ့တနင်္ဂနွေနေ့မှာ အာနိုးလ်ရဲ့နောက်ကျသွင်းဂိုးဖြင့် လက်စတာကို ၁-၀ ဂိုးနဲ့ အနိုင်ယူကာ ပရီးမီးယားလိဂ်ချန်ပီယံဆုဆွတ်ခူးဖို့ သုံးမှတ်အလိုအနေအထားအထိ ရောက်ရှိလာပါတယ်။ ကိုလံဘီယာလက်ရွေးစင်အတွက် အတက်အကျများခဲ့တဲ့ ဘောလုံးရာသီဖြစ်ခဲ့ချိန်မှာတောင် ဒီယက်ဇ်က ပရီးမီးယားလိဂ် ၃၂ ပွဲပါဝင်ကစားရာမှာ ၂၅ ပွဲကို ပွဲထွက်ခွင့်ရရှိခဲ့ပြီး သွင်းဂိုး ၁၁ ဂိုး၊ ဂိုးဖန်တီးမှု ငါးကြိမ် စွမ်းဆောင်ခဲ့ပါတယ်။
ရာသီပိတ်သိမ်းဖို့ နီးကပ်လာတာနဲ့အမျှ သူ့ရဲ့အနာဂတ်နဲ့ပတ်သက်လို့ ထင်ကြေးပေးမှုမျိုးစုံလည်း ထွက်ပေါ်လာခဲ့ပြီး စာချုပ်သက်တမ်းနောက်ဆုံးနှစ်ဆီ ဝင်ရောက်လာတဲ့ ဒီယက်ဇ်ကို ဆော်ဒီလိဂ်ဘက်မှ ခေါ်ယူသွားဖွယ်ရှိတယ်ဆိုတဲ့ သတင်းတွေလည်း ရှိနေခဲ့ပါတယ်။TNT Sports Mexico သတင်းဌာနနဲ့ တွေ့ဆုံမေးမြန်းခန်းအစီအစဉ်မှာ ဒီယက်ဇ်က အသင်းနဲ့အတူ အမှတ်ပေးချန်ပီယံဆုဆွတ်ခူးနိုင်မှုဟာ သူ့အတွက် ဘယ်လောက်အထိ အဓိပ္ပါယ်ရှိသလဲဆိုတာနဲ့ ပရိသတ်တွေရဲ့အားပေးထောက်ခံပုံအကြောင်းကို ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
ဒီယက်ဇ်က “ အင်္ဂလန်ရဲ့ကြီးကျယ်ခမ်းနားလှတဲ့ကလပ်အသင်းတွေအနက် တစ်ခုဖြစ်တဲ့ လီဗာပူးရဲ့ပရိသတ်တွေက ကိုယ့်အတွက် သီချင်းတွေဆို၊ တခဲနက်အားပေးနေတာကို မြင်တွေ့ရတာ ဂုဏ်ယူစရာအရင်းအမြစ်တစ်ခု ဖြစ်ပါတယ်။ ဒီအတွက်ပဲ ကျွန်တော် အမြဲတမ်းကြိုးစားပေးနေခဲ့ပါတယ်။ ဒါကပဲ ကျွန်တော့်ရဲ့ကစားသမားဘဝအတွက် အလိုချင်ဆုံးအရာဖြစ်ပါတယ်။ လီဗာပူးအသင်းမှာ ကိုယ့်ရဲ့ပွဲစဉ်တွေကို အမြဲတမ်းအမှတ်တရရှိနေဖို့၊ ကိုယ့်ရဲ့အမှတ်တံဆိပ်ကို ထားရှိခဲ့ဖို့ ကျွန်တော် ဆက်လက်လုပ်ဆောင်သွားပါမယ်။ ဒါကြောင့်ပဲ ပရိသတ်တွေ သက်သောင့်သက်သာခံစားရပြီး အသင်းကို ဆက်လက်အားပေးနိုင်ပါလိမ့်မယ်။ ဒါ အရေးအကြီးဆုံးအရာဖြစ်ပါတယ်။
ကလေးဘဝကတည်းက ကျွန်တော့်မှာ အမှတ်ရစရာတွေ အများကြီးရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်က လီဗာပူးနဲ့အတူ ဆုဖလားတစ်ခုဆွတ်ခူးနိုင်ဖို့ အမြဲတမ်းအိပ်မက်မက်ခဲ့လို့ ဖြစ်ပါတယ်။ အထူးသဖြင့် ပရီးမီးယားလိဂ်ချန်ပီယံဆုပေါ့။ အခုတော့ နီးစပ်နေပါပြီ”လို့ ပြောပါတယ်။
လီဗာပူးအသင်းက ပြီးခဲ့တဲ့နှစ်တွေအတွင်း ဖာဘင်ဟို၊ ဂျော်ဒန်ဟန်ဒါဆန်တို့ကို ရောင်းချကာ ဆိုဘိုဆလိုင်း၊ မက်အယ်လစ္စတာနဲ့ ဂရာဗန်ဘတ်ချ်တို့ကို ခေါ်ယူဖို့ ငွေရှာခဲ့ဖူးပါတယ်။ အခုအချိန်မှာလည်း နည်းပြအန်းစလော့ မျက်စိကျနေတဲ့ နွေရာသီကာလအသင်းပြန်လည်တည်ဆောက်မှုနဲ့အတူ အသင်းမှထွက်ခွာနိုင်တဲ့ ကြယ်ပွင့်ကစားသမားစာရင်းမှာ ဒီယက်ဇ်လည်း ပါဝင်လာနိုင်ပါတယ်။