
တိုက်စစ်မှူးသစ်ရှာဖွေနေပေမယ့် အနာဂတ်အတွက် မစိုးရိမ်တဲ့ ယူနိုက်တက်စတား
ယူနိုက်တက်အသင်းဘက်က တိုက်စစ်မှူးသစ် ရှာဖွေနေပေပမယ့် တိုက်စစ်မှူး ဇီကာဇီးကတော့ အနာဂတ်အတွက် မစိုးရိမ်ပဲ တိုက်ပွဲဝင်ချင်နေတယ်လို့ သိရပါတယ်။ ၂၀၂၄ - ၂၅ ရာသီမှာ အကောင်းဆုံးစွမ်းဆောင်နိုင်ခဲ့တာကြောင့် အာမိုရင်လက်အောက်မှာ နေရာရမယ်လို့ အပြည့်အဝယုံကြည်နေပါတယ်။ ယူနိုက်တက်ဟာ တိုက်စစ်ပိုင်းအားဖြည့်ဖို့ အခုနွေရာသီမှာ တိုက်စစ်မှူးသစ်ရှာဖွေနေပါတယ်။ ရာသီကြိုခရီးစဉ်အတွင်း အင်တာဗျူးမှာ နယ်သာလန်သားက “ကျွန်တော် အရမ်းယုံကြည်မှုရှိပါတယ်။ လူတိုင်းလည်း အရမ်းယုံကြည်မှုရှိနေကြပါတယ်။ ကျွန်တော်တို့ ပြိုင်ဆိုင်မှုတွေရှိလာနိုင်ပါတယ်။
နည်းပြလိုချင်တဲ့နေရာမှာ ကျွန်တော်ကစားဖို့အသင့်ပါပဲ။ တကယ်လို့ နံပတ် ၁၀ ဒါမှမဟုတ် တိုက်စစ်မှူးဖြစ်ခဲ့ရင်လည်း အဆင်ပြေပါတယ်။ ဘာမှမခြားနားပါဘူး။ နည်းပြက ကျွန်တော့်ကို ကောင်းကောင်းသိပါတယ်။ သူဘာလုပ်ချင်လဲဆိုတာလည်း အတိအကျသိပါတယ်။ ကျွန်တော်နည်းပြ ယုံကြည်အောင်ပေးဆပ်မှာပါ။ အနာဂတ်အတွက် မစိုးရိမ်ပါဘူး။
ဒီအသင်းမှာက ပြိုင်ဆိုင်မှု ဆိုတာ ရှိတတ်ပါတယ်။ တကယ်လို့ နောက်ထပ်တိုက်စစ်မှူးရောက်လာခဲ့ရင်တောင် ပြိုင်ဆိုင်မှုပြင်းထန်လာမယ်ဆိုတာ သိပါတယ်။ ကျွန်တော် တကယ်မစိုးရိမ်ပါဘူး။
ကန်ဟာ နဲ့ အမ်ဘွီမိုတို့က ကစားသမားကောင်းတွေပါ။ သူတို့နဲ့ လေ့ကျင့်ခန်းအစီအစဉ်မှာ တွေ့ပြီးသလို ပြီးခဲ့တဲ့ရာသီတုန်းကလည်း ရင်ဆိုင်ဖူးပါတယ်။ ကျွန်တော်တို့အသင်းအတွက် သူတို့ရောက်လာတာကောင်းပါတယ်။ ကျွန်တော်တို့ အသင်းကိုပိုကောင်းစေချင်ပါတယ်။ အသင်းအတွက် အရာအားလုံးအရေးကြီးပါတယ်။ တစ်ကိုယ်ကောင်းဆန်လို့မရပါဘူး။ တကယ်လို့ အသင်းအတွက် အကူအညီဖြစ်တယ်ဆိုရင် အဲ့တာက အဆင်ပြေပါတယ်”လို့ ဖြေကြားခဲ့ပါတယ်။
ယူနိုက်တက်ဟာ အခုနွေရာသီမှာပေါင်သန်း ၁၃၀ လောက်အသုံးပြုထားပြီးဖြစ်ကာ ဟွိုက်လန်း နဲ့ ဇီကာဇီးတို့အနေနဲ့ နေရာရဖို့ တိုးတက်အောင်လုပ်ဆောင်ရမှာဖြစ်ပါတယ်။ “ကျွန်တော် ဘာကမျှတတယ် ဘာမမမျှတဘူးဆိုတာ ဆုံးဖြတ်ရမယ့်သူမဟုတ်ပါဘူး။ ဟွိုက်လန်း နဲ့ ကျွန်တော် ပိုကောင်းအောင် လုပ်ဆောင်ရမယ်ဆိုတာ သိပါတယ်။ အဲ့တာပဲ ကျွန်တော်ပြောနိုင်ပါတယ်။ နည်းပြက ဂိုးတွေလိုချင်တာဖြစ်ပြီး အဲ့အတွက် အလုပ်လုပ်ရပါတယ်။ အဆုံးသတ်မှာ ခင်ဗျားက ဂိုးတွေသွင်းယူနိုင်မယ်ဆိုရင် နေရာရမှာသေချာပါတယ်”လို့ ဇီကာဇီးက ထပ်လောင်းပြောကြားခဲ့ပါတယ်။