
မန်စီးတီးမှထွက်ခွာပြီးနောက် အဲဗာတန်သို့ပြောင်းရွှေ့ဖို့ သဘောတူညီမှုရထားတဲ့ ဝေါ်လ်ကာ
မန်ချက်စတာစီးတီးနောက်ခံလူ ကိုင်လ်ဝေါ်လ်ကာဟာ အသင်းနဲ့လမ်းခွဲဖို့ဆုံးဖြတ်ပြီးနောက် ယခုအခါမှာတော့ နောက်ထပ်ပရီးမီးယားလိဂ်ကလပ်တစ်ခုဖြစ်တဲ့ အဲဗာတန်သို့ပြောင်းရွှေ့ဖို့ သဘောတူညီမှုရထားတယ်လို့ သိရပါတယ်။ အသက်-၃၅ နှစ်အရွယ်ကစားသမားဟာ ပြီးခဲ့တဲ့ ၁၀ စုနှစ်တစ်ခုအတွင်း ကမ္ဘာ့အကောင်းဆုံးညာနောက်ခံလူတစ်ယောက်အဖြစ် သတ်မှတ်ခံခဲ့ရပြီး မန်စီးတီးနဲ့အတူ ပရီးမီးယားလိဂ်ဆုဖလား ၆ ကြိမ်အထိ ဆွတ်ခူးရရှိခဲ့ပါတယ်။ ဒါ့အပြင် ၂၀၂၃ ခုနှစ်၊ မန်စီးတီးရဲ့ပထမဆုံးချန်ပီယံလိဂ်အောင်မြင်မှုမှာလည်း ဝေါ်လ်ကာဟာ အဓိကအခန်းကဏ္ဍကနေ ပါဝင်နိုင်ခဲ့သူဖြစ်ပါတယ်။
မန်စီးတီးနဲ့လမ်းမခွဲခင်က အင်္ဂလန်လက်ရွေးစင်ဟာ နည်းပြပက်ဂွါဒီယိုလာရဲ့ စိတ်ကြိုက်ကစားသမားတစ်ဦးဖြစ်ခဲ့ပြီး တစ်ရာသီအတွင်း အနည်းဆုံး ပွဲ ၃၀ အထိ ပါဝင်ကစားခွင့်ရခဲ့သူလည်းဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရာသီမှာ မန်စီးတီးဟာ ဝေါ်လ်ကာကို အေစီမီလန်ထံ အငှားချခဲ့ပြီး ယခုအခါမှာတော့ အဲဗာတန်သို့အပြီးသတ်ရောင်းချဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
အေစီမီလန်အနေနဲ့ ဝေါ်လ်ကာကိုအပြီးသတ်ခေါ်ယူဖို့ ပြင်ဆင်ခဲ့သေးပေမယ့် ယခုအခါမှာ အခြားကစားသမားတွေကိုသာ ပစ်မှတ်ထားနေခဲ့တာဖြစ်ပါတယ်။ The Sun ရဲ့ဖော်ပြချက်အရ ဝေါ်လ်ကာဟာ အဲဗာတန်နဲ့ ၁ နှစ်သက်တမ်းရှိစာချုပ်တစ်ရပ်ကိုချုပ်ဆိုသွားမယ်လို့ သိရပါတယ်။
နောက်ထပ်ပရီးမီးယားလိဂ်ကလပ်တစ်ခုဖြစ်တဲ့ ဖူလ်ဟမ်ကလည်း အင်္ဂလန်သားကိုစိတ်ဝင်စားခဲ့ပေမယ့် အဲဗာတန်ကသာ လက်ဦးမှုရယူနိုင်ခဲ့တာဖြစ်ပြီး လောလောဆယ်မှာတော့ ၁၂ လအငှားစာချုပ်သို့မဟုတ် အပြီးသတ်ခေါ်ယူဖို့ဆွေးနွေးနေပြီဖြစ်ပါတယ်။
ဝေါ်လ်ကာဟာ ၂၀၁၇ ခုနှစ်မှာ တော့တင်ဟမ်မှ မန်စီးတီးသို့ ပေါင်သန်း ၅၀ နဲ့စတင်ပြောင်းရွှေ့ခဲ့ပြီး စုစုပေါင်း ပွဲ ၃၀၀ ကျော်အထိပါဝင်ကစားပေးခဲ့ပါတယ်။ ကစားသမားဟာ အင်္ဂလန်လက်ရွေးစင်အသင်းရဲ့ အဓိကညာနောက်ခံလူဖြစ်ခဲ့ပြီး စုစုပေါင်း ၉၆ ပွဲအထိ ပါဝင်ကစားခွင့်ရထားပါတယ်။ လက်ရှိအင်္ဂလန်နည်းပြသစ် သောမတ်စ်တူချယ်လ်ကလည်း ဝေါ်လ်ကာကို အသင်းအတွက်ဆက်လက်ရွေးချယ်နေဆဲဖြစ်ပြီး ဆီနီဂေါကိုရှုံးနိမ့်ခဲ့တဲ့ ခြေစမ်းပွဲမှာ ပါဝင်ကစားခွင့်ပြုခဲ့ပါတယ်။ ဝေါ်လ်ကာအနေနဲ့လည်း အမေရိကန်မှာကျင်းပသွားမယ့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အင်္ဂလန်အတွက်ပါဝင်ကစားခွင့်ရဖို့ စိတ်အားထက်သန်နေတယ်လို့သိရပါတယ်။
ဝေါ်လ်ကာသာမက နောက်ထပ်မန်စီးတီးကြယ်ပွင့်တစ်ဦးဖြစ်တဲ့ ဂျက်ခ်ဂရီးလစ်ရှ်ကလည်း ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲလူစာရင်းမှထုတ်ပယ်ခံခဲ့ရပြီးနောက် အီတီဟတ်မှထွက်ခွာသွားတော့မှာဖြစ်ပါတယ်။ သတင်းတွေအရ ဂရီးလစ်ရှ်ကို အသင်းဟောင်း အက်စတွန်ဗီလာနဲ့ တော့တင်ဟမ်တို့က စိတ်ဝင်စားနေကြတယ်လို့သိရပါတယ်။
ပရီးမီးယားလိဂ်ဂိုးသမားဟောင်း ရှေးဂီဗန်ကတော့ ဂရီးလစ်ရှ်ဟာ လီဗာပူး သို့မဟုတ် ချဲလ်ဆီးသို့ပြောင်းရွှေ့နိုင်ချေရှိတယ်လို့ဆိုပါတယ်။ ဂီဗန်က "ဂျက်ခ်က ပါရမီရှင်ကစားသမားတစ်ဦးပါ။ သူက ဒီနိုင်ငံရဲ့ဘယ်အသင်းမှာမဆို ကစားဖို့ အရည်အသွေးပြည့်မီပါတယ်။ ပြီးခဲ့တဲ့နှစ်က အိုင်ယာလန်နဲ့ပွဲမှာ သူက အင်္ဂလန်ရဲ့ ကွင်းလယ်လူအဖြစ်ကစားခဲ့တာကို မှတ်မိပါသေးတယ်။ အဲဒီပွဲမှာသူက ခြေစွမ်းပြနိုင်ခဲ့ပါတယ်။ သူကအခုမှ အသက်-၂၉ နှစ်ပဲရှိပါသေးတယ်။ နောက်ထပ် ၃-၄ နှစ်လောက် ထိပ်တန်းခြေစွမ်းနဲ့ကစားနိုင်ဦးမှာပါ"
"နောက်ပိုင်းမှာ သူပွဲတွေသိပ်ကစားခွင့်မရခဲ့ပေမယ့် ဘောလုံးနဲ့ပတ်သက်ပြီး နိုင်ပွဲဆာလောင်စိတ်တွေရှိနေပါတယ်။ သူ့အနေနဲ့ လီဗာပူးနဲ့ ချဲလ်ဆီးတို့လိုအသင်းတွေအတွက်ကစားဖို့ သင့်တော်ပါတယ်။ ဒါပေမယ့် သူ့အနေနဲ့ တောင်ပံမှာကစားမယ့်အစား ကွင်းလယ်မှာကစားတာက သူ့အတွက်ပိုကောင်းမယ်ထင်ပါတယ်" လို့ပြောကြားခဲ့ပါတယ်။