
ဖျားနာမှုကြောင့် ရီးရဲလ်မက်ဒရစ်ရဲ့ လေ့ကျင့်ရေးအစီအစဉ်ကို လွဲချော်ထားတဲ့ အမ်ဘာပေ
ရီးရဲလ်မက်ဒရစ်တိုက်စစ်ကြယ်ပွင့် ခီလီယမ်အမ်ဘာပေဟာ ဖျားနာမှုကြောင့် အင်္ဂါနေ့က အသင်းရဲ့လေ့ကျင့်ရေးအစီအစဉ်ကို လွဲချော်ခဲ့တယ်လို့သိရပါတယ်။ဒါကြောင့် နည်းပြဇာဘီအလွန်အဆိုအနေနဲ့ ကစားသမားကို ကလပ်ကမ္ဘာ့ဖလား အုပ်စုအဆင့်ပွဲဦးထွက်မှာ ထည့်သွင်းအသုံးပြုဖို့ မသေချာတော့ကြောင်း သတင်းတွေကဖော်ပြလာခဲ့ပါတယ်။
ရီးရဲလ်မက်ဒရစ်ဟာ လာမယ့်ကြာသပတေးနေ့ မီယာမီမှာ ဆော်ဒီပရိုလိဂ်ကလပ် အယ်လ်ဟီလယ်နဲ့စတင်ယှဉ်ပြိုင်သွားရမှာဖြစ်ပြီး ပြိုင်ပွဲမှာ အဖွင့်လှဖို့ မျှော်လင့်ထားမှာဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ်ကစားသမားတွေဟာ Palm Beach Gardens မှာ လေ့ကျင့်ရေးအစီအစဉ်တွေပြုလုပ်နေတာဖြစ်ပြီး အင်္ဂါနေ့မှာတော့ အမ်ဘာပေတစ်ယောက် လေ့ကျင့်ရေးကို လွဲချော်ခဲ့ပါတယ်။
ပြင်သစ်သားနဲ့ပတ်သက်ပြီး အလွန်ဆိုက "ခီလီယန်က ဒီမနက်မှာ ပိုသက်သာလာပေမယ့် ကစားဖို့အတွက်တော့ မလုံလောက်သေးပါဘူး။ ဒီမှာက အပူချိန်များပါတယ်။ သူ့ရဲ့အခြေအနေကို စောင့်ကြည့်သွားမှာဖြစ်ပြီး မနက်ဖြန်မှာ ဆုံးဖြတ်ချက်ချသွားပါမယ်" လို့ပြောကြားခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၄-၂၅ ဘောလုံးရာသီမှာ ရီးရဲလ်မက်ဒရစ်အနေနဲ့ ပုံစံကောင်းပြသဖို့ရုန်းကန်ခဲ့ရပေမယ့် အမ်ဘာပေကတော့ ထိပ်တန်းခြေစွမ်းကို ဆက်လက်ထိန်းသိမ်းနိုင်ခဲ့ပြီး ပြိုင်ပွဲစုံ ၄၃ ဂိုးအထိ သွင်းယူနိုင်ခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ ရီးရဲလ်မက်ဒရစ်ဟာ ရူဒီဂါ၊ ကာမာဗင်ဂါ၊ ကာဗာဂျယ်နဲ့ မီလီတာအိုတို့ကိုလည်း ထည့်သွင်းအသုံးပြုနိုင်ဖို့ မသေချာသေးပါဘူး။
အလွန်ဆိုက "အချို့ကစားသမားတွေကလည်း သူတို့ကိစ္စနဲ့သူတို့ရှိကြပါတယ်။ ရူဒီဂါက ပြီးခဲ့တဲ့ရာသီအတွင်းမှာပဲ ဒဏ်ရာရထားခဲ့ပြီး အခုချိန်မှာတော့ ပြန်လည်ထူထောင်ရေးတွေလုပ်နေပါပြီ။ သူက ပြန်ကစားနိုင်တော့မယ်ဆိုပေမယ့် ကျွန်တော့်အနေနဲ့ အသုံးပြု ဖို့တော့မသေချာသေးပါဘူး။ အခြားကစားသမားတွေကတော့ စိတ်ရှည်ရပါဦးမယ်။ ကာမာဗင်ဂါက ကျွန်တော်တို့ထင်ထားတာထက် ပိုပြီးတော့ လျင်လျင်မြန်မြန်ကောင်းလာပါတယ်။ ကာဗာဂျယ်နဲ့ မီလီတာအိုတို့ကတော့ အချိန်လိုအပ်ပါသေးတယ်" လို့ပြောကြားခဲ့ပါတယ်။
ယခုနွေရာသီအပြောင်းအရွှေ့ကာလအတွင်း ရီးရဲလ်မက်ဒရစ်ဟာ ကြီးမားတဲ့ကစားသမားခေါ်ယူမှုအဖြစ် ထရန့်အလက်ဇန်းဒါးအာနိုးလ်၊ ဒင်းန်ဟွိုင်ဆန်တို့ကို ခေါ်ယူပြီး အသင်းရဲ့နောက်တန်းကို အင်အားဖြည့်တင်းထားခဲ့ပါတယ်။ အလွန်ဆိုနဲ့ပတ်သက်ပြီး ဟွိုင်ဆန်က "အလွန်ဆိုဘယ်လောက်တော်တယ်ဆိုတာ လူတိုင်းသိပါတယ်။ နည်းပြတစ်ယောက်အနေနဲ့မှာ သူ့မှာထူးခြားတဲ့အရည်အသွေးရှိသလို၊ ကစားသမားဘဝတုန်းကလည်း အတူတူပါပဲ။ ကျွန်တော်တို့အားလုံးစိတ်လှုပ်ရှားနေကြပါတယ်" လို့ပြောကြားခဲ့ပါတယ်။
ရာသီဥတုပူပြင်းမှုကြောင့် ရုန်းကန်ရနိုင်ကြောင်းကို ကွင်းလယ်လူ ဒန်နီဆီဘယ်လော့စ်က "လောလောဆယ်မှာ ကျွန်တော်တို့ကိုဒုက္ခပေးမယ့်ဟာက အပူချိန်ပါပဲ။ ဒါပေမယ့် ကျွန်တော်တို့ရဲ့ပြိုင်ဘက်တွေလည်း အပူချိန်ကြောင့် ရုန်းကန်ရနိုင်ပါတယ်။ ကျွန်တော်တို့ အပူချိန်မြင့်တဲ့အချိန်တွေမှာ လေ့ကျင့်ရေးဆင်းထားခဲ့လို့ ပွဲထဲရောက်ရင် သက်တောင့်သက်သာဖြစ်နေမယ်လို့ထင်ပါတယ်" လို့ပြောကြားခဲ့ပါတယ်။