
အင်္ဂလန်လက်ရွေးစင်အသင်းမှာ ပြန်ရွေးချယ်ခံရဖို့ အလားအလာရှိတဲ့ မေဆင်မောင့်
မန်ချက်စတာယူနိုက်တက်ကွင်းလယ်ကြယ်ပွင့်မေဆင်မောင့်ဟာ သူ့ရဲ့နည်းပြဟောင်းသောမတ်စ်တူချယ်လ်ကိုင်တွယ်နေတဲ့ အင်္ဂလန်လက်ရွေးစင်အသင်းမှာ ပြန်လည်ရွေးချယ်ခံရဖို့ အလားအလာများလာခဲ့ပါတယ်။ မေဆင်မောင့်ဟာ တူချယ်လ်နဲ့ ဖုန်းပြောခဲ့ကြောင်း ထုတ်ဖော်ပြောကြားလာခဲ့ပြီး တူချယ်လ်အနေနဲ့ အရင်ကလက်တွဲခဲ့ဖူးတာတွေက သူ့ကို အင်္ဂလန်အသင်းမှာ ပြန်ရွေးချယ်ဖို့ အာမမခံနိုင်ပေမယ့် ရွေးချယ်ဖို့တော့ အခွင့်အရေးရှိဆဲဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
မောင့်နဲ့တူချယ်လ်တို့ဟာ ၂၀၂၁ ခုနှစ်မှာ ချဲလ်ဆီးအတွက် ချန်ပီယံလိဂ်ဆုဖလားကို ဆွတ်ခူးပေးနိုင်ခဲ့ကြသူတွေဖြစ်တာကြောင့် အတော်လေးရင်းနှီးတဲ့ဆက်ဆံရေးမျိုး တည်ဆောက်ထားနိုင်ခဲ့ကြပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲအတွင်း ကွာတားဖိုင်နယ်အဆင့် ပြင်သစ်ကိုရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်ဟာ မောင့်ရဲ့ အင်္ဂလန်ကစားသမားဘဝ နောက်ဆုံးပွဲစဉ်ဖြစ်ခဲ့ပြီး ကစားသမားဟာ ၃ နှစ်လောက်အထိ လက်ရွေးစင်အသင်းနဲ့ ဝေးကွာနေခဲ့တာဖြစ်ပါတယ်။
အဆိုပါကွာတားဖိုင်နယ်ပွဲစဉ်မှာလည်း မောင့်ဟာ အင်္ဂလန်အတွက် ပင်နယ်တီပြစ်ဒဏ်ဘောရရှိအောင်စွမ်းဆောင်ပေးနိုင်ခဲ့ပေမယ့် အသင်းခေါင်းဆောင်ဟယ်ရီကိန်းက မိုးပေါ်ထောင်ကန်ခဲ့တာကြောင့် အင်္ဂလန်တို့ ကွာတားအဆင့်မှာပဲ အိမ်ပြန်ခဲ့ရတာဖြစ်ပါတယ်။
ယခုအခါမှာ မောင့်က "တူချယ်လ်ကျွန်တော့်ကို ဖုန်းခေါ်ခဲ့ပြီး ကစားသမားတွေအများကြီးခေါ်ယူနေကြောင်းနဲ့ ကျွန်တော်တို့ကိုလည်းခေါ်ယူချင်ကြောင်းပြောခဲ့ပါတယ်။ သူ ကစားသမားတွေဘယ်လောက်အထိခေါ်မယ်ဆိုတာတော့ ကျွန်တော်မသိပါဘူး။ ၄၀-၅၀ လောက်ဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် ကျွန်တော့်အတွက်ကတော့ သူနဲ့အခုလို စကားပြန်ပြောခွင့်ရနေတာပဲ ကျေနပ်ပါတယ်။ ကျွန်တော် သူ့လက်အောက်မှာ အတော်လေးကစားခဲ့ရပါတယ်။ ကျွန်တော်တို့အတူတူ ချန်ပီယံလိဂ်ဖလားကိုဆွတ်ခူးနိုင်ခဲ့ပါတယ်"
"လောလောဆယ်မှာ အင်္ဂလန်အသင်းက အရင်ကနဲ့လုံးဝမတူတော့ပါဘူး။ နေရာအတွက်ပြိုင်ဆိုင်မှုက ပိုမိုပြင်းထန်လာသလို၊ ကစားသမားတွေကလည်း အများကြီးဖြစ်နေပါပြီ။ ဒါက ကလပ်တွေအပေါ်မှာလည်း မူတည်နေပါသေးတယ်။ တူချယ်လ်ကကျွန်တော့်ကို အရင်က အတူတူလက်တွဲခဲ့ဖူးတာနဲ့တော့ အင်္ဂလန်အသင်းမှာရွေးချယ်မယ်လို့ အာမမခံနိုင်ကြောင်းပြောပါတယ်။ အသင်းမှာပြန်ကစားချင်ရင် အခုထက်ပိုပြီး ကြိုးစားသွားရမှာပါ။ သူ့ကို ကြည့်ရတာလည်းအရမ်းစိတ်လှုပ်ရှားပြီး ပျော်နေပုံပါပဲ" လို့ပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီး မောင့်က "ကစားသမားတစ်ယောက်အနေနဲ့ နိုင်ငံ့လက်ရွေးစင်အသင်းအတွက်ကစားပေးချင်တာ လူတိုင်းရဲ့အိပ်မက်ပါ။ ဒါကဂုဏ်ယူစရာလည်းဖြစ်ပါတယ်။ ကျွန်တော်အင်္ဂလန်အတွက် ၃၆ ပွဲကစားခဲ့ပါတယ်။ ဒါ့ကြောင့် ဒီအသင်းအတွက်ကစားပေးဖို့ လုံလောက်တဲ့စွမ်းရည်ရှိတယ်လို့ ယုံကြည်ပါတယ်။ ဒီအခွင့်အရေးကိုပြန်ရဖို့အတွက် လာမယ့်ရာသီမှာ ကျွန်တော်အစွမ်းကုန်ကြိုးစားသွားပါမယ်" လို့ထပ်လောင်းပြောကြားခဲ့ပါတယ်။
အင်္ဂလန်ဟာ လာမယ့်စက်တင်ဘာလမှသာ လက်ကျန်ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်တွေအဖြစ် အန်ဒိုရာ၊ ဆားဘီးယားတို့နဲ့ ယှဉ်ပြိုင်သွားရမှာဖြစ်ပြီး အဆိုပါပွဲစဉ်တွေအတွက် လူစာရင်းမှာ မောင့်တစ်ယောက် ပြန်လည်ရွေးချယ်ခံရမလား စောင့်ကြည့်ရပါမယ်။