
ကမ္ဘာ့အဆင့်ကစားသမားဖြစ်လာမယ်လို့ ယုံကြည်ကြောင်း ဖွင့်ဟလာတဲ့ အာမက်
မန်ချက်စတာယူနိုက်တက်တောင်ပံကစားသမား အာမက်ဒီယာလိုက သူဟာ နည်းပြဟောင်း အဲရစ်တန်ဟက်လက်အောက်မှာ နေရာရဖို့ရုန်းကန်ခဲ့ရကြောင်း ဝန်ခံခဲ့ပြီး အနာဂတ်မှာ ကမ္ဘာ့အဆင့် ကစားသမားတစ်ယောက်ဖြစ်မယ်လို့ မိမိကိုယ်ကိုယ်ယုံကြည်ချက်ရှိကြောင်း ပြောကြားလာခဲ့ပါတယ်။
လာမယ့်နွေရာသီမှာ အသက်-၂၃ နှစ်ပြည့်မယ့် အိုင်ဗရီကို့စ်လက်ရွေးစင်ဟာ ယူနိုက်တက်မှာ ပုံမှန်ပွဲထွက်ခွင့်ရဖို့အတွက် စမ်းသပ်ချက်ပေါင်းမြောက်မြားစွာကို ကျော်ဖြတ်ခဲ့ရပြီး တစ်ဆင့်ချင်းစီ တိုးတက်လာခဲ့တာဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ်မှာ အိုးလ်ထရက်ဖို့ဒ်သို့ စတင်ရောက်ရှိလာခဲ့တဲ့ အာမက်ဟာ အသင်းအတွက် စတင်ပါဝင်ကစားခွင့်မရခဲ့ဘဲ ရိန်းဂျားစ်နဲ့ ဆန်းဒါးလန်းတို့ထံ အငှားစာချုပ်နဲ့ သွားရောက်ကစားခဲ့ရပါတယ်။
အဆိုပါကလပ်တွေမှာ အထင်ကြီးလောက်စရာခြေစွမ်းကို ပြသပြီးနောက် ယူနိုက်တက်သို့ ပြန်လည်ရောက်ရှိချိန်မှာလည်း အာမက်ဟာ ဒဏ်ရာပြဿနာတွေ မကြာခဏကြုံခဲ့ရသလို၊ နည်းပြရဲ့စိတ်ကြိုက်ကစားသမားမဟုတ်ခဲ့တာကြောင့် ပွဲထွက်ခွင့်နဲ့ ထပ်မံဝေးကွာခဲ့ရပါတယ်။
ယခု ၂၀၂၄-၂၅ ရာသီမှာတော့ အာမက်ဟာ နည်းပြဟောင်း အဲရစ်တန်ဟက်သာမက၊ နည်းပြသစ် ရူဘင်အာမိုရင်ရဲ့ စိတ်ကြိုက်ကစားသမားတစ်ယောက်ဖြစ်လာခဲ့ပြီး ယူနိုက်တက်ရဲ့ ညာတောင်ပံနေရာမှာ ပုံမှန်နေရာရနေပြီဖြစ်ပါတယ်။ ယခုနှစ်ရာသီမှာ ကစားသမားဟာ ပြိုင်ပွစုံ ၄၁ ပွဲအထိ ပါဝင်ကစားခွင့်ရထားပြီး လာမယ့် ကြာသပတေးနေ့ ယူရိုပါလိဂ်ဗိုလ်လုပွဲမှာလည်း ဆက်လက်ပွဲထွက်သွားဖွယ်ရှိပါတယ်။
နည်းပြဟောင်းတန်ဟက်လက်အောက်မှာ နေရာရဖို့အတွက် စိတ်ရှည်ရှည်နဲ့စောင့်ဆိုင်းခဲ့ရကြောင်းကို အာမက်က "ဒီအသင်းအတွက်ကစားပေးနိုင်တယ်ဆိုတာ ကျွန်တော်ပြသချင်ခဲ့ပါတယ်။ တစ်ခါတလေမှာ ကိုယ်က ကစားရဖို့ ထိုက်တန်ပေမယ့် ကစားခွင့်မရတဲ့အတွက်တော့ စိတ်ပျက်စရာတွေဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် အခုတော့ မန်နေဂျာရဲ့ယုံကြည်မှုကို ရရှိနေပြီလို့ထင်ပါတယ်။ သူက ကျွန်တော့်ရဲ့အလားအလာကို ယုံကြည်သလို၊ ကျွန်တော်ကလည်း အဲဒီယုံကြည်မှုအတွက် ပြန်လည်ပေးဆပ်ဖို့ အဆင်သင့်ရှိနေပါတယ်"
"ရိုးရိုးသားသားပြောရမယ်ဆိုရင် တန်ဟက်က ကျွန်တော့်ကို အများကြီးကူညီခဲ့ပါတယ်။ ကျွန်တော်ကစားခွင့်မရတဲ့အချိန်တွေမှာလည်း အကြံဉာဏ်တွေ တောက်လျှောက်ပေးနေခဲ့ပါတယ်။ နေ့ရက်တိုင်းမှာ ပြင်းပြင်းထန်ထန်ကြိုးစားဖို့ ကျွန်တော့်ကို တွန်းအားပေးပါတယ်။ မန်နေဂျာတစ်ယောက်ရဲ့ တိုက်တွန်းချက်က ကစားသမားအတွက်အရမ်းအရေးပါပါတယ်။ ဒီရာသီမှာတော့ သူ့ရဲ့လက်အောက်မှာ ကျွန်တော်အများကြီးကစားခွင့်ရခဲ့ပါတယ်။ ကျွန်တော့်ကိုပေးခဲ့တဲ့ အခွင့်အရေးအတွက် သူ့ကို ကျေးဇူးတင်ကြောင်း ထပ်ပြောချင်ပါတယ်။ ပြီးတော့ အရာရာမှာအကောင်းဆုံးဖြစ်ပါစေလို့လည်း ဆုတောင်းပေးပါတယ်" လို့ပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီး အနာဂတ်မှာသူဟာ ကမ္ဘာ့အဆင့်ကစားသမားဖြစ်လာဖို့ အလားအလာရှိနေကြောင်းကို အာမက်က "ကျွန်တော့်ရဲ့အလားအလာကို ကျွန်တော်ယုံပါတယ်။ ကမ္ဘာ့အဆင့်ကစားသမားဖြစ်လာနိုင်တယ်လို့ ယုံကြည်ပါတယ်။ ပွဲစဉ်တိုင်းမှာ အကောင်းဆုံးခြေစွမ်းနဲ့ကစားနေဖို့ပဲ လိုအပ်တာပါ။ ကျွန်တော် ကမ္ဘာ့အဆင့်ကစားသမားဖြစ်လာမယ်လို့ ယုံကြည်ပါတယ်" လို့ပြောကြားခဲ့ပါတယ်။
အာမက်က သူဟာ အသင်းရဲ့ဘယ်နေရာမှာမဆို ကစားဖို့အဆင်သင့်ရှိနေကြောင်းကိုလည်း "ရိုးရိုးသားသားပြောရရင် ကျွန်တော် ကြိုက်နှစ်သက်တဲ့နေရာရယ်လို့ မရှိပါဘူး။ ကစားရဖို့က အရေးကြီးပါတယ်။ ကျွန်တော် နေရာတိုင်းမှာ ကစားနိုင်ပါတယ်။ မန်နေဂျာက ကျွန်တော့်ကို ညာနောက်ခံနေရာမှာကစားဆိုလည်း ကစားမှာပါပဲ။ နံပါတ် ၁၀ နေရာဆိုရင်လည်း ရပါတယ်။ မန်နေဂျာရ့နည်းစနစ်ထဲမှာ အံဝင်ခွင်ကျဖြစ်နေဖို့ပဲ ကျွန်တော်ကြိုးစားသွားမှာပါ" လို့ပြောကြားခဲ့ပါတယ်။
အာမက်ဟာ ၂၀၂၁ ခုနှစ် ဗီလာရီးရဲလ်ကို ပင်နယ်တီအဆုံးအဖြတ်နဲ့အရေးနိမ့်ခဲ့တဲ့ ယူရိုပါလိဂ်ဗိုလ်လုပွဲမှာ ယူနိုက်တက်ရဲ့ အရန်လူစာရင်းမှာပါဝင်ခဲ့ပေမယ့် ကစားခွင့်တော့မရခဲ့ပါဘူး။ လာမယ့် ကြာသပေတေးနေ့ တော့တင်ဟမ်နဲ့ယှဉ်ပြိုင်သွားမယ့် ယူရိုပါလိဂ်ဗိုလ်လုပွဲမှာတော့ သူ့အနေနဲ့ ပွဲထွက်ပါဝင်သွားရမှာဖြစ်ပြီး ဆုဖလားကို ဆွတ်ခူးသွားနိုင်မလား စောင့်ကြည့်ရပါမယ်။