
မိုင်နူးရဲ့ကစားပုံက အသင်းရဲ့နည်းစနစ်မှာ အံဝင်ခွင်ကျမဖြစ်ကြောင်း ဝန်ခံလာတဲ့ အာမိုရင်
မန်ချက်စတာယူနိုက်တက်နည်းပြ ရူဘင်အာမိုရင်က အသင်းရဲ့ကွင်းလယ်ကြယ်ပွင့် ကိုဘီမိုနိုင်နူးရဲ့ကစားပုံဟာ သူ့ရဲ့ကစားကွက်မှာ အံဝင်ခွင်ကျမဖြစ်တာကြောင့် ပြဿနာနည်းနည်းရှိနေတယ်လို့ ဝန်ခံပြောကြားလာခဲ့ပါတယ်။ မိုင်နူးဟာ ပြီးခဲ့အပတ်က အာဆင်နယ်ကို ၀-၁ နဲ့ရှုံးနိမ့်ခဲ့တဲ့ ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်မှာ ယူနိုက်တက်ရဲ့အရန်လူစာရင်းမှာ ပါဝင်ခဲ့ပေမယ့် လူစားလဲဝင်ရောက်ခွင့်မရခဲ့ပါဘူး။ မိုင်နူးကို ကစားခွင့်မပေးခဲ့ခြင်းနဲ့ပတ်သက်ပြီး အာမိုရင်က သူ့အနေနဲ့ ကစားသမားအပေါ်စိတ်ပျက်ခြင်းမရှိဘဲ တိုးတက်မှုကိုရှာဖွေသွားဖို့သာ အကြံပေးလာခဲ့ပါတယ်။
လက်ရှိယူနိုက်တက်ရဲ့ကွင်းလယ်မှာ မန်နူရယ်ယူဂါတီနဲ့ ကတ်စ်မဲရိုးတို့လို ကစားသမားတွေရှိနေတာကြောင့် မိုင်နူးအနေနဲ့ အာမိုရင်ရဲ့ကစားကွက်မှာ အံဝင်ခွင်ကျဖြစ်အောင်မကစားနိုင်ပါက ပုံမှန်ပွဲထွက်ခွင့်ရဖို့ ရုန်းကန်သွားရဖွယ်ရှိပါတယ်။ အင်္ဂလန်လက်ရွေးစင်နဲ့ပတ်သက်ပြီး အာမိုရင်က “ကျွန်တော်တို့မှာ ပြဿနာနည်းနည်းလေးရှိနေပါတယ်။ ဒါပေမယ့် အသင်းက ကွင်းလယ်ကစားသမား ၂ ယောက်နဲ့ကစားနေတာပါ။ ဒါကြောင့် အခုကစားပုံက နည်းနည်း ကွဲပြားနေပါတယ်။ ဒါကို သဘောပေါက်နားလည်ဖို့လိုပါတယ်။ အထူးသဖြင့် လူငယ်ကစားသမားတွေက ဒါကို နားလည်ပေးနိုင်ဖို့ လိုပါတယ်။
မိုင်နူးက အသင်းအတွက်အမြဲတမ်းရှိနေပါတယ်။ အမြဲတမ်းလေ့ကျင့်ရေးဆင်းနေပြီး တိုက်ပွဲဝင်နေပါတယ်။ အသင်းရဲ့နိုင်ပွဲအတွက် လိုအပ်မယ်ဆိုရင် သူ့ကိုရွေးချယ်အသုံးပြုသွားရမှာပါပဲ” လို့ပြောကြားခဲ့ပါတယ်။ လာမယ့်တနင်္ဂနွေနေ့မှာတော့ ယူနိုက်တက်ဟာ ဒုတိယမြောက်ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ဖူလ်ဟမ်ကိုအဝေးကွင်းမှာ သွားရောက်ရင်ဆိုင်ရမှာဖြစ်ပြီး နိုင်ပွဲစတင်ဖော်ဆောင်သွားနိုင်မလား စောင့်ကြည့်ရပါမယ်။