
အနီကတ်ပြသခံခဲ့ရတဲ့ ကတ်စ်မဲရိုးကို ကာကွယ်ပြောဆိုလာတဲ့ အာမိုရင်
မန်ချက်စတာယူနိုက်တက်နည်းပြရူဘင်အာမိုရင်ဟာ စနေနေ့ညက ချဲလ်ဆီးကို ၂-၁ နဲ့အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ပထမပိုင်းပြီးကာနီး ၂ ဝါ ၁ နီနဲ့ထုတ်ပယ်ခံခဲ့ရတဲ့ ကွင်းလယ်လူ ကတ်စ်မဲရိုးကို ကာကွယ်ပြောဆိုမှုတွေပြုလုပ်လာခဲ့ပါတယ်။
ယခုပွဲစဉ်မှာ ကတ်စ်မဲရိုးဟာ ယူနိုက်တက်အတွက် ဒုတိယမြောက်ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့သူဖြစ်ပေမယ့် ပေါ့ဆတဲ့ လူကပ်ကစားဟန်ကြောင့် အနီကတ်ပြ ထုတ်ပယ်ခံခဲ့ရတာဖြစ်ပါတယ်။ ကတ်စ်မဲရိုး အနီကတ်ပြထုတ်ပယ်ခံခဲ့ရတာကြောင့် ယူနိုက်တက်အနေနဲ့ အိမ်ကွင်းမှာ ချဲလ်ဆီးကို သက်တောင့်သက်သာ အနိုင်ရမယ့်အစား ဒုတိယပိုင်းမှာအနိုင်ရလဒ်ကို ခက်ခက်ခဲခဲထိန်းသိမ်းခဲ့ရပါတယ်။
ပထမပိုင်းမှာ ချဲလ်ဆီးကို အကောင်းဆုံးထိန်းချုပ်ပြီး ဦးဆောင်ဂိုး ၂ ဂိုးအထိသွင်းထားနိုင်ခဲ့တဲ့ယူနိုက်တက်ဟာ ဒုတိယပိုင်းမှာတော့ ကစားသမားအရေအတွက်တူညီသွားတာကြောင့် ခံစစ်ကို အသားပေးပြီး ကစားခဲ့ရပါတယ်။ ပွဲကစားချိန်မိနစ် ၈၀ မှာတော့ နောက်ခံလူ ချာလိုဘာက ချဲလ်ဆီးအတွက် ချေပဂိုးတစ်ဂိုးပြန်သွင်းခဲ့ပြီးနောက် ပွဲကပိုမိုစိတ်လှုပ်ရှားစရာကောင်းလာခဲ့ပြီး ယူနိုက်တက်အနေနဲ့ သရေရလဒ်မဖြစ်ဖို့ အသည်းအသန် ခုခံခဲ့ရပါတယ်။
ဒါကြောင့် သက်တောင့်သက်သာအနိုင်ရမယ့်ပွဲမှာ ကတ်စ်မဲရိုးရဲ့ပေါ့ဆမှုတစ်ခုကြောင့် ယူနိုက်တက်အနေနဲ့ ခက်ခက်ခဲခဲအနိုင်ရခဲ့တယ်လို့ ဆိုရမှာဖြစ်ပါတယ်။ သို့သော်လည်း အာမိုရင်ရဲ့ သူ့ရဲ့ကွင်းလယ်လူကို ကာကွယ်ပြောဆိုမှုတွေပြုလုပ်လာခဲ့ပြီး ဘရာဇီးသားဟာ သူကိုယ်တိုင် အနီကတ်အတွက် ပိုပြီးခံစားနေရတယ်လို့ဆိုပါတယ်။
ပေါ်တူဂီသားနည်းပြက "အနီကတ်ကြောင့် သူ ကျွန်တော့်ထက်တောင် နာကျင်ခံစားနေရပါတယ်။ ကျွန်တော်တို့အနိုင်ရခဲ့ပေမယ့် သူကတော့ ပရော်ဖက်ရှင်နယ်တစ်ယောက်ဖြစ်လို့ အနီကတ်ပြခံရတာကို အခဲမကျေဖြစ်နေတုန်းပါ။ သူ လုပ်ခဲ့တဲ့အမှားကိုလည်း သူသိပါတယ်။ သူလို့အတွေ့အကြုံရင့် ကစားသမားတစ်ဦးက ဒီလိုအမှားမျိုးလုပ်လို့မရဘူးဆိုတာလည်း သူသိပါတယ်" လို့ပြောကြားခဲ့ပါတယ်။
ကတ်စ်မဲရိုးအနေနဲ့ ဖိအားတွေကြောင့် အခုလို ပြစ်ဒဏ်ကျူးလွန်မိခဲ့တာလားဆိုတဲ့မေးခွန်းကို အာမိုရင်က "ပြောဖို့ခက်ပါတယ်။ ကတ်စ်မဲရိုးအတွက်ဆိုရင်တော့ ဖိအားလို့ပြောရမှာပေါ့။ သူက ချန်ပီယံလိဂ်ဖလား ၅ လုံးအထိရထားတဲ့သူပါ။ ဒါကြောင့် အသင်းနိုင်ပွဲရဖို့ သေချာဂရုစိုက်ကစားရင်း ပြစ်ဒဏ်ကျူးလွန်မိသွားတာပါ။ ဒါကြောင့် အနီကတ်ပြသခံခဲ့ရပေမယ့် မကောင်းတဲ့ရည်ရွယ်ချက်နဲ့မဟုတ်ပါဘူး" လို့ဖြေကြားခဲ့ပါတယ်။
ကတ်စ်မဲရိုးအနေနဲ့ တိုက်ရိုက်အနီကတ်မဟုတ်ဘဲ ၂ ဝါ ၁ နီပြသခံခဲ့ရတာဖြစ်လို့ ယူနိုက်တက်အတွက် ကြီးကြီးမားမား ထိခိုက်မှုရှိမှာမဟုတ်ဘဲ ကစားသမားဟာ လာမယ့်တနင်္ဂနွေနေ့ ဘရန့်ဖို့ဒ်နဲ့ပွဲစဉ်တစ်ပွဲကိုသာ လွဲချော်သွားမှာဖြစ်ပါတယ်။