The network connection is lost.

Banner Image

ယူနိုက်တက်ကနေ ထွက်ခွာခဲ့ခြင်းနှင့် ကီဗင် ဒီဘရိုင်းရဲ့ နာပိုလီသို့ ရောက်ရှိမှုအပေါ် အမြင်ကို ပြောပြလိုက်တဲ့ မက်တိုမီနေး

ယူနိုက်တက် ကွင်းလယ်လူဟောင်း စကော့ မက်တိုမီနေးဟာ သက်တောင့်သက်သာဇုန်မှ ထွက်ခွာပြီး မတူညီတဲ့ နိုင်ငံတစ်ခုတွင် ကစားခြင်းအကြောင်းကို ဖွင့်ဟပြောကြားခဲ့ပါတယ်။ မက်တိုမီနေးဟာ ပြီးခဲ့တဲ့နွေရာသီက နာပိုလီသို့ ပြောင်းရွှေ့ခဲ့ပြီး အီတလီရှိ ပထမဆုံးရာသီ၌ ၁၃ ဂိုးသွင်းယူကာ အသင်းအား စီးရီးအေဖလား ရရှိအောင် ကူညီပေးခဲ့ပါတယ်။ ဒါ့အပြင် သူဟာ လိဂ်ရဲ့ တစ်ရာသီအတွင်း အကောင်းဆုံး ကစားသမားအဖြစ်လည်း ရွေးချယ်ခံခဲ့ရပြီး ပရိသတ်တွေရဲ့ အသည်းစွဲလည်း ဖြစ်လာခဲ့ပါတယ်။

စကော့တလန်လက်ရွေးစင် ကစားသမားဟာ နာပိုလီတွင် နည်းပြ အန်တိုနီယို ကွန်တီ လက်အောက်၌ မမေ့နိုင်စရာ ပွဲဦးထွက်ရာသီကို ပိုင်ဆိုင်ခဲ့ပြီး သူ့ရဲ့ ဘောလုံးသမားဘဝ ပထမဆုံးလိဂ်ဖလားနှင့် ဒုတိယမြောက် အဓိက ဆုဖလားကို ဆွတ်ခူးခဲ့ပါတယ်။ မက်တိုမီနေးဟာ ယခုအခါ လိဂ်သစ်ရှိ သူ့ရဲ့အတွေ့အကြုံများကို ဖွင့်ဟပြောကြားခဲ့ပြီး နာပိုလီပရိသတ်များရဲ့ ဘောလုံးအပေါ် စိတ်အားထက်သန်မှုကို ချီးကျူးပြောဆိုခဲ့ပါတယ်။

ဝင်ဘယ်ဒန် တွင် BBC သို့ ပြောကြားရာ၌ အသက် ၂၈ နှစ်အရွယ် ကစားသမားက "နာပိုလီက လူတွေက မယုံနိုင်စရာကောင်းပါတယ်။ သူတို့က အရမ်းစိတ်အားထက်သန်ကြပြီး ဘယ်သွားသွား 'Forza Napoli' လို့ ပြောတဲ့လူတွေ ရှိပါတယ်။ သူတို့က မင်းနဲ့ စကားပြောချင်ကြတယ် အဲဒါက မင်း ကွင်းထဲဝင်တိုင်း မင်းကို စိတ်ဓာတ်တက်ကြွစေတယ် ဘာလို့လဲဆိုတော့ သူတို့က ဂရုစိုက်လို့ပဲ။ ဒါက ကွဲပြားခြားနားပါတယ် အဲဒီမှာ နေထိုင်မှုပုံစံက လုံးဝကွဲပြားခြားနားပါတယ် စားတဲ့ပုံစံ၊ နေထိုင်တဲ့ပုံစံနဲ့ အားလုံးပေါ့။ အဲဒါက စိတ်ပိုင်းဆိုင်ရာ ခွန်အား ပိုပေးပါတယ်"

"ကျွန်တော် အမြဲတမ်း အမေ့အနားမှာပဲ နေခဲ့တာ၊ ဒါကြောင့် ကျွန်တော် လိုတဲ့အချိန်တိုင်း သွားလို့ရတယ်။ အခုကျတော့ မိုင် ၁,၅၀၀ အဝေးမှာ နေရတော့ အိမ်ပြန်ပြီး အမေ၊ ကျွန်တော့်မိသားစု၊ အစ်မနဲ့ ကလေးတွေကို အလွယ်တကူ သွားတွေ့လို့ မရတော့ဘူး ဒါက ကွဲပြားတယ်။ ဒါပေမဲ့ ဘဝမှာ တခါတလေ ကိုယ့်ကိုယ်ကို သက်တောင့်သက်သာဇုန်ကနေ ထုတ်ပစ်ရတယ်။ အဲဒါကို ကျွန်တော် အမြဲ ဂုဏ်ယူတယ်။ ကျွန်တော် ဘယ်တော့မှ သက်တောင့်သက်သာဇုန်မှာ မနေချင်ဘူး၊ ဘယ်နေရာမဆို သွားပြီး ကိုယ့်ကိုယ်ကို ထူထောင်နိုင်ရင် ကောင်းကောင်းလုပ်နိုင်ရင် ဘာလို့မလုပ်နိုင်ရမှာလဲ။ ကျွန်တော့်ကို ဘယ်သူ တားနိုင်မှာလဲ" လို့ ပြောကြားခဲ့ပါတယ်။

စကော့တလန်သားက အိပ်မက်ဆန်သော တစ်နှစ်တာကာလကို ပိုင်ဆိုင်ခဲ့သော်လည်း သူ့ရဲ့ကလပ်ဟောင်းကတော့ ပရီးမီးယားလိဂ်ဇယားတွင် ၁၅ နေရာဖြင့် ရာသီကုန်ဆုံးခဲ့ပြီး ဥရောပဖလားဝင်ခွင့်ကို လွဲချော်ခဲ့ပါတယ်။ သို့သော် မက်တိုမီနေးက လာမယ့်ရာသီအတွက် သရဲနီတွေအတွက် ကံကောင်းပါစေဟု ဆန္ဒပြုခဲ့ပါတယ်။ "ယူနိုက်တက်အတွက် အကောင်းဆုံးဖြစ်စေဖို့ ကျွန်တော် အမြဲတမ်း လိုလားပါတယ်။ ဒါက ကျွန်တော့်ရဲ့ ဘဝ ၂၂-၂၃ နှစ်လုံးပါပဲ။ ကျွန်တော့်အတွက်တော့ ကလပ်ကို ကမ္ဘာပေါ်မှာ အောင်မြင်မှုအားလုံး ရရှိပါစေလို့ ဆုတောင်းပေးပါတယ်။ လမ်းတစ်လျှောက်လုံး သူတို့နဲ့အတူ ကျွန်တော် ရှိနေပါလိမ့်မယ်။ သူတို့ ကောင်းကောင်းလုပ်နိုင်ဖို့ ကျွန်တော် လိုချင်ပါတယ်" လို့ ပြောပါတယ်။

နာပိုလီဟာ ဖလားကာကွယ်ရေးမတိုင်မီ ကစားသမားအင်အား ထပ်မံဖြည့်တင်းရန် မန်စီးတီးရဲ့ ဂန္ထဝင်ကစားသမား ကီဗင် ဒီဘရိုင်းကို ယခုနွေရာသီတွင် အလွတ်ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူခဲ့ပါတယ်။ ဘယ်လ်ဂျီယံကစားသမား ရောက်ရှိလာမှုအပေါ် သုံးသပ်ချက်ကို ပေးရာတွင် မက်တိုမီနေးက "သူက မယုံနိုင်စရာကောင်းတဲ့ ကစားသမားပါ အဖွဲ့ကို အရည်အချင်းတွေ အများကြီး ယူဆောင်လာပေးမယ့်သူဆိုတာ ရှင်းပါတယ်။ သူ့ကို ကျွန်တော်တို့ ခေါ်ယူနိုင်တာက အံ့မခန်းပါပဲ။ ဒီလို အရည်အချင်းရှိတဲ့ ကစားသမားတွေကို ခေါ်ယူနိုင်တာက အရမ်းကို အရမ်းကို အရေးကြီးပါတယ် ကျွန်တော်တို့ ထပ်ပြီး ရှေ့ဆက်တိုးချင်ပါတယ်။ ကျွန်တော်တို့ ရရှိထားတာတွေနဲ့ ကျေနပ်နေချင်တာ မဟုတ်ပါဘူး" လို့ ပြောပါတယ်။

အီတလီချန်ပီယံတွေဟာ လာမယ့်ရက်သတ္တပတ်တွင် ပြန်လည်စုဝေးကြမည်ဖြစ်ပြီး ဇူလိုင် ၁၇ ရက်နေ့ လေ့ကျင့်ရေးစခန်းတွင် ရာသီကြို လေ့ကျင့်ခန်းများ စတင်မှာ ဖြစ်ပါတယ်။