The network connection is lost.

Banner Image

တော့တင်ဟမ်သို့ ပြောင်းရွှေ့ပြီးနောက် ဘရန့်ဖို့ဒ် ပရိသတ်တွေကို စိတ်ရင်းမှန်ဖြင့် နှုတ်ဆက်ခဲ့တဲ့ သောမတ်စ် ဖရန့်ခ်

သောမတ်စ် ဖရန့်ခ်ဟာ တော့တင်ဟမ်သို့ ပြောင်းရွှေ့မှု အတည်ပြုပြီးနောက် ဘရန့်ဖို့ဒ် ပရိသတ်များကို စိတ်ရင်းမှန်ဖြင့် နှုတ်ဆက်ခဲ့ပါတယ်။ ပိုစတီကိုဂလူ ကို ပြီးခဲ့တဲ့ ရက်သတ္တပတ်က ထုတ်ပယ်ပြီးနောက် တော့တင်ဟမ်ဟာ ဖရန့်ခ်ကို မန်နေဂျာသစ်အဖြစ် ခန့်အပ်ကြောင်း အတည်ပြုခဲ့ပါတယ်။ ဩစတြေးလျ နိုင်ငံသားနည်းပြဟာ အသင်းကို ယူရိုပါလိဂ် ဖလား ဆွတ်ခူးပေးခဲ့သော်လည်း ပရီးမီးယားလိဂ် တွင် အဆင့် ၁၇ နေရာသာ ရရှိခဲ့ပြီးနောက် ဘရန်ဖို့ဒ် နည်းပြဟာ ပြည်တွင်းအောင်မြင်မှုများကို တိုးတက်စေမည့်သူအဖြစ် သတ်မှတ်ခဲ့ပါတယ်။

ယခုအခါ ၎င်းရဲ့ ထွက်ခွာမှု အတည်ပြုပြီးချိန်တွင် ဖရန့်ခ်ဟာ ပရိသတ်များအတွက် စိတ်လှုပ်ရှားဖွယ် နှုတ်ဆက်စာတစ်စောင် ပို့စ်တင်ခဲ့ပါတယ်။ သူဟာ ၂၀၁၆ ခုနှစ်တွင် ကလပ်သို့ လက်ထောက်နည်းပြအဖြစ် ရောက်ရှိခဲ့ပြီး ၂၀၁၈ ခုနှစ်တွင် ပထမအသင်းရဲ့ နည်းပြချုပ်အဖြစ် ရာထူးတိုးမြှင့်ခံရကာ ကလပ်ကို ပရီးမီးယားလိဂ်သို့ ဦးဆောင်ခဲ့ပြီးနောက်ပိုင်းတွင်လည်း အဆင့်ကိုဆက်လက် ထိန်းသိမ်းထားနိုင်ခဲ့ပါတယ်။ သူ့ကိုခန့်အပ်ဖို့အတွက် ယုံကြည်မှု ပေးခဲ့တဲ့ အသင်းပိုင်ရှင် မက်သရူး ဘန်ဟမ် အား အထူးကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပါတယ်။

ဖရန့်ခ်ရဲ့ ထုတ်ပြန်ရေးသားချက်တွင် "ဘရန့်ဖို့ဒ် ဘောလုံးကလပ် နှင့် ဆက်စပ်သူတိုင်းသို့။ ကျွန်တော် ထွက်ခွာရမည့်အချိန် ရောက်လာပါပြီ။ သို့သော် ကျွန်တော် ထွက်ခွာလာခဲ့သော်လည်း ကျွန်တော့်နှလုံးသား တစ်စစီကို ဘရန့်ဖို့ဒ်တွင် သာမက အသိုက်အဝန်းနှင့် မယုံနိုင်လောက်အောင် သစ္စာရှိခဲ့တဲ့ ပရိသတ်များနှင့်အတူ ချန်ထားခဲ့တာကို ကျွန်တော် သိပါတယ်"

"ကျွန်တော့်ရဲ့ အိပ်မက်တွေကို အကောင်အထည်ဖော်ဖို့ အခွင့်အရေးပေးခဲ့တဲ့ ကလပ်ကို ကျွန်တော် လှိုက်လှဲစွာ ကျေးဇူးတင်ကြောင်း ပြောကြားလိုပါတယ်။ ခရီးစဉ်ကို အမှတ်ရစရာ ဖြစ်အောင် လုပ်ဆောင်ပေးခဲ့တဲ့ ပါဝင်ပတ်သက်သူတိုင်းကိုလည်း ကျေးဇူးတင်ပါတယ်" လို့ ပါရှိပါတယ်။

"ကျွန်တော့်မိသားစုနဲ့ ကျွန်တော့်အတွက် ဒီလို ထူးခြားတဲ့ အသိုက်အဝန်းရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်ခွင့်ရတာ ဂုဏ်ယူစရာပါ။ ဒါက ကျွန်တော်တို့ တစ်သက်တာလုံး မြတ်နိုးရမယ့် အတွေ့အကြုံနဲ့ စွန့်စားခန်းပါပဲ။ ဒါကြောင့် ကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့ ဘာပဲ အောင်မြင်အောင် လုပ်ဆောင်ခဲ့သည်ဖြစ်စေ၊ အတူတကွ လုပ်ဆောင်ခဲ့ကြတာပါ၊ ကျွန်တော်တို့ရဲ့ အောင်မြင်မှုဟာ စည်းလုံးမှု၊ စိတ်ဓာတ်၊ သတ္တိနဲ့ ကလပ်ရဲ့ အဆင့်တိုင်း၊ ပရိသတ်တွေကြားက ရည်မှန်းချက်တွေပေါ်မှာ တည်ဆောက်ထားတာပါ"

"လူတိုင်းက ပါဝင်ခဲ့ကြတာပါ၊ ပါဝင်မှုတိုင်းက အဖိုးမဖြတ်နိုင်ပါဘူး။ ကျွန်တော် ဘောလုံးကလပ်တစ်ခုကနေ ထွက်ခွာတာ မဟုတ်ပါဘူး၊ ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ အချိန်တွေမှာ ကျွန်တော့်ကို ထောက်ပံ့ခဲ့တဲ့ သူငယ်ချင်းတွေကို နှုတ်ဆက်တာပါ၊ သူတို့ရဲ့ ပံ့ပိုးမှုတွေကို ကျွန်တော် အမြဲတမ်း သယ်ဆောင်သွားပါလိမ့်မယ်"

"အသင်းပိုင်ရှင်ကိုလည်း အထူးကျေးဇူးတင်စကား ပြောကြားလိုပါတယ်။ သူ့ရဲ့ ယုံကြည်မှုနဲ့ ခင်မင်မှုက အဓိပ္ပါယ်များစွာ ရှိပါတယ် သူက ကျွန်တော့်ကို အင်္ဂလိပ်ဘောလုံးလောကမှာ အခွင့်အရေးပေးခဲ့တာကြောင့် သူ့ကို ကျွန်တော် အမြဲတမ်း ကျေးဇူးတင်နေပါလိမ့်မယ်။ ကျေးဇူးပါ မက်”

"ဒါကြောင့် ဒါက နှုတ်ဆက်ပွဲဖြစ်ပေမယ့် လူတိုင်းနဲ့ တည်ဆောက်ခဲ့တဲ့ ဆက်ဆံရေးတွေက ထာဝရတည်မြဲမယ်လို့ မျှော်လင့်ပါတယ်၊ ဘောလုံးရဲ့ အံ့သြဖွယ်ကမ္ဘာမှာ ပြန်တွေ့ကြမှာပါ" လို့ ရေးသားကာ ဖရန့်ခ်က သူ့ရဲ့ထုတ်ပြန်ချက်ကို နိဂုံးချုပ်ထားပါတယ်။ ဖရန့်ခ်ရဲ့ တော့တင်ဟမ်နည်းပြဘဝ ပထမဆုံးပွဲစဉ်က ဇူလိုင် ၃၁ ရက်နေ့ အာဆင်နယ် နှင့် ရင်ဆိုင်ရမယ့် ရာသီကြို မြောက်လန်ဒန် ဒါဘီပွဲစဉ် ဖြစ်ပါတယ်။