
ဘယ်လ်ဂျီယံပရိုလိဂ်မှာ နည်းပြဘဝကို စတင်တော့မယ့် ယာယာတိုရေး
ဘာစီလိုနာနဲ့ မန်ချက်စတာစီးတီးကြယ်ပွင့်ဟောင်း ယာယာတိုရေးဟာ ယခုအခါမှာတော့ နည်းပြဘဝကို ပထမဆုံးအကြိမ် စတင်ခြေလှမ်းဖို့ပြင်ဆင်လာခဲ့ပြီး ဘယ်လ်ဂျီယံပရိုလိဂ်မှာ ကလပ်တစ်ခုကို စတင်ကိုင်တွယ်တော့မယ်လို့သိရပါတယ်။
တစ်ချိန်က ကမ္ဘာ့အကောင်းဆုံးကွင်းလယ်လူစာရင်းမှာ ပါဝင်ခဲ့ဖူးတဲ့ ယာယာတိုရေးဟာ လွန်ခဲ့တဲ့ ၅ နှစ်အကြာက တရုတ်ကလပ်တစ်ခုမှာ သွားရောက်ကစားခဲ့ပြီးနောက် ကစားသမားဘဝကနေ အနားယူခဲ့တာဖြစ်ပါတယ်။ အသက်-၄၂ နှစ်အရွယ်ကစားသမားဟောင်းဟာ ယခင်ကလည်း ဘောလုံးနည်းပြလောကမှာ လူမည်းတွေရှားပါးကြောင်း ပြောကြားထားခဲ့ပြီး ယခုအခါမှာတော့ သူကိုင်တိုင်နည်းပြလုပ်ဖို့ စတင်ဆုံးဖြတ်လာခဲ့တာဖြစ်ပါတယ်။
ကစားသမားဘဝမှအနားယူပြီး ၁ နှစ်အကြာမှာပဲ တိုရေးဟာ ယူကရိန်းကလပ် အိုလင်မ်ပစ်ဒိုးနက်မှာ လက်ထောက်နည်းပြအဖြစ် စတင်ဆောင်ရွက်ခဲ့ပါတယ်။ အိုလင်မ်ပစ်ဒိုးနက်မှာ ၃ လကြာနေထိုင်ပြီးနောက် တိုရေးဟာ အက်ခ်မက်ဂရော့ဇ်နီအသင်းမှာ ၂၀၂၁ ခုနှစ်အကုန်ထိ လက်ထောက်နည်းပြအဖြစ် ဆက်လက်ဆောင်ရွက်ခဲ့ပါတယ်။
ထို့နောက်မှာတော့ အိုင်ဗရီကို့စ်လက်ရွေးစင်ဟောင်းဟာ အင်္ဂလန်သို့ပြန်လာခဲ့ပြီး အန်တိုနီယိုကွန်တီ၊ ရိုင်ယန်မေဆန်တို့နဲ့ တစ်နှစ်ကြာ လက်တွဲခဲ့ပါတယ်။ တိုရေးတစ်ယောက် လက်ထောက်နည်းပြအဖြစ် ကာလအရှည်ကြာဆုံးဆောင်ရွက်ခဲ့တာကတော့ ဆော်ဒီအာရေဗျလက်ရွေးစင်အသင်းမှာဖြစ်ပြီး အိုင်ဗရီကိုစ့်သားဟာ ဆော်ဒီမှာ ၁ နှစ်ခွဲလောက်အထိ နေထိုင်ခဲ့တာဖြစ်ပါတယ်။
ယခုနွေရာသီမှာတော့ တိုရေးဟာ နည်းပြချုပ်တစ်ယောက်အဖြစ် စတင်ဆောင်ရွက်ပြီး ဘောလုံးလောကထဲသို့ အရှိန်ပြင်းပြင်းနဲ့ဝင်ရောက်နိုင်ဖို့ ပြင်ဆင်နေပြီဖြစ်ပါတယ်။ Sacha Tavolieri သတင်းဌာနရဲ့အဆိုအရ တိုရေးဟာ ဘယ်လ်ဂျီယံကလပ် ဒါရင်းဘရက်ဆဲလ်ရဲ့ကမ်းလှမ်းမှုကို လက်ခံထားတယ်လို့ သိရပါတယ်။
ဒါရင်းဘရက်ဆဲလ်ဟာ ပြီးခဲ့တဲ့ရာသီက ဘယ်လ်ဂျီယံလိဂ်(၂) မှာ တတိယနေရာရပ်တည်ခဲ့တာကြောင့် ပရိုလိဂ်သို့တက်လှမ်းဖို့ ပလေးအော့ဖ်ကစားခွင့်ရခဲ့ပေမယ့် ရှုံးနိမ့်ခဲ့တာကြောင့် လိဂ်(၂) မှာပဲ နောက်ရာသီ ဆက်လက်ကစားသွားရမှာဖြစ်ပါတယ်။
ဒါရင်းဘရက်ဆဲလ်ကို ဘိုတာဖိုဂိုနဲ့ လိုင်ယွန်တို့မှာ ရှယ်ယာထည့်ဝင်ထားတဲ့ အမေရိကန်ဘီလီယံနာ ဂျွန်တက်ဇ်တာက ပိုင်ဆိုင်ထားတယ်လို့သိရပြီး မကြာသေးမီက သူဟာခရစ္စတယ်ပဲလေ့စ်မှာလည်း ရင်းနှီးမြှုပ်နှံမှုတွေပြုလုပ်ထားခဲ့ပါတယ်။ ဒါရင်းဘရက်ဆဲလ်ဟာ မကြာသေးမီကမှပြောင်းလဲထားတဲ့နာမည်ဖြစ်ပြီး ယခင်က ကလပ်ကို မိုလင်ဘိခ်လို့ခေါ်ဆိုတယ်လို့သိရပါတယ်။