
ပေါင်သန်း ၄၀ တန် ရက်ရှ်ဖို့ဒ်ကို စိတ်ဝင်စားနေတဲ့ ဘိုင်ယန်မြူးနစ်
အက်စတွန်ဗီလာက တိုက်စစ်မှူးအား ဝယ်ယူခွင့်ကို မရွေးချယ်ဖို့ ဆုံးဖြတ်ပြီးနောက် ဘိုင်ယန်မြူးနစ်ဟာ ယခုနွေရာသီတွင် ယူနိုက်တက်မှ မားကပ်စ် ရက်ရှ်ဖို့ဒ်ကို ခေါ်ယူရန် ပြိုင်ဆိုင်မှုတွင် ပါဝင်လာပြီဟု သတင်းများက ဖော်ပြထားပါတယ်။
အင်္ဂလန်လက်ရွေးစင် ရက်ရှ်ဖို့ဒ်ကို ဇန်နဝါရီ အပြောင်းအရွှေ့ကာလအတွင်း ပရီးမီးယားလိဂ်ပြိုင်ဘက် အက်စတွန်ဗီလာသို့ အငှားစာချုပ်ဖြင့် သွားရောက်စေခဲ့ပါတယ်။ ဒါဟာ ယူနိုက်တက်နည်းပြ ရူဘင် အမ်မိုရင်နှင့် ဆက်ဆံရေး တင်းမာခဲ့ပြီးနောက် ဖြစ်ပေါ်ခဲ့ခြင်းဖြစ်ပြီး နည်းပြက အင်္ဂလန်ကြယ်ပွင့်ထက် သူ့ရဲ့အသက် ၆၃ နှစ်အရွယ် ဂိုးသမားနည်းပြ ဂျော့ဂ်ျ ဗိုက်တယ်ကို ပိုကစားခိုင်းမယ်လို့တောင် ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
အက်စတွန်ဗီလာတွင် ခြေစွမ်းပြသခဲ့သော်လည်း ရက်ရှ်ဖို့ဒ်ရဲ့ အိုးထရက်ဖို့ဒ်ရှိ အနာဂတ်မှာ မရေမရာဖြစ်နေဆဲ ဖြစ်ပါတယ်။ ဘာစီလိုနာက စိတ်ဝင်စားမှု ပြသခဲ့ဖူးပြီး အားကစားဒါရိုက်တာ ဒေကိုက မေလက မှာ "ကျွန်တော်တို့ လူးဝစ် ဒီယက်ဇ် ကို ကြိုက်တယ်၊ ရက်ရှ်ဖို့ဒ်ကို ကြိုက်တယ်၊ တခြားကစားသမားတွေကိုလည်း ကြိုက်ပါတယ်။ ကျွန်တော်တို့ ဈေးကွက်ထဲဝင်တဲ့အခါ ကျွန်တော်တို့သိတဲ့ နာမည်တွေရှိတယ် သူတို့က အသင်းကို ပိုကောင်းအောင် လုပ်ပေးနိုင်တယ်" လို့ ပြောကြားခဲ့ သော်လည်း ဘာစီလိုနာရဲ့ စိတ်ဝင်စားမှုက မကြာသေးမီ ရက်သတ္တပတ်များအတွင်း အေးစက်သွားပုံရပါတယ်။
ဂျာမန်သတင်းစာ Bild ရဲ့ ဖော်ပြချက်အရ ဘိုင်ယန်မြူးနစ်ဟာ ယခုအခါ ရက်ရှ်ဖို့ဒ်ဘက်သို့ အာရုံစိုက်လာဖွယ်ရှိပါတယ်။ ၎င်းတို့ရဲ့ အဓိကပစ်မှတ်ဖြစ်တဲ့ စတုဂတ်မှ နစ်ခ် ဝေါလ်တန်မား နှင့် ညှိနှိုင်းမှုများတွင် အခက်အခဲများ ကြုံတွေ့နေရပြီး ကလပ်နှစ်သင်းအကြား တန်ကြေးဖြတ်မှုတွင် များစွာ ကွာခြားဟနေတယ်လို့ သိရပါတယ်။
ဘိုင်ယန်ဟာ ရက်ရှ်ဖို့ဒ်ကို ခေါ်ယူရန် စဉ်းစားနေပြီး အင်္ဂလန်လက်ရွေးစင်က ဘိုင်ယန်ရဲ့ ကစားပုံနှင့် အလွန်ကိုက်ညီသလို ဘယ်တောင်ပံနှင့် တိုက်စစ်မှူးအဖြစ် ကစားနိုင်တယ်လို့ပြောဆိုမှုတွေ ရှိနေပါတယ်။ ရက်ရှ်ဖို့ဒ်ဟာ ဘရက်ဒ်လေ ဘာကိုလာ၊ နီကို ဝီလျံစ်၊ ရာဖာအယ်လ် လီအို နှင့် လူးဝစ် ဒီယက်ဇ် ကဲ့သို့ ထိပ်တန်းပစ်မှတ်များနောက်တွင် ဘိုင်ယန်ရဲ့ ရေရှည်ပစ်မှတ်စာရင်းတွင် ပါဝင်နေတယ်လို့ သိရပါတယ်။
ယူနိုက်တက်က ရက်ရှ်ဖို့ဒ်အတွက် ယူရို ၄၅ သန်း (ခန့်မှန်းခြေ ပေါင် ၃၈ သန်း) ဝန်းကျင် တောင်းဆိုနေပြီး ဒါဟာ ယူနိုက်တက်မှာ အနာဂတ်မရှိတော့ဘူးလို့ နားလည်ရပါတယ်။ ဘိုင်ယန်အားကစားဒါရိုက်တာ မက်စ် အီဘာလ်က ကုန်ကျစရိတ် ချွေတာရန် အလေးထားပြောကြားခဲ့သော်လည်း ဝေါလ်တန်မားနှင့် သဘောတူညီမှု ရရှိခဲ့ရင်တောင် ရက်ရှ်ဖို့ဒ်ကဲ့သို့ ဘယ်တောင်ပံကစားသမားတစ်ဦးက အသင်းရဲ့ကစားသမားအင်အားနှင့် ကိုက်ညီမှာ ဖြစ်ပါတယ်။
တစ်ချိန်တည်းတွင် ယူနိုက်တက်ဟာ အသင်းရဲ့ကစားသမားအင်အားကို ဆက်လက်ဖြည့်တင်းရန် ကြိုးစားနေပြီး ပီအက်စ်ဂျီ ကွင်းလယ်လူ ဖေဘီယန် ရူးစ်ကို ပစ်မှတ်ထား ရန် ကြိုးစားနေကြောင်း ပြင်သစ်သတင်းစာ Foot Mercato က အခိုင်အမာ ဖော်ပြထားပါတယ်။
စပိန်လက်ရွေးစင်က ပီအက်စ်ဂျီ တွင် ကောင်းမွန်တဲ့ နှစ်တစ်နှစ်ပြီးနောက် စိတ်ဝင်စားမှုကို ဆွဲဆောင်နေတာ ဖြစ်ပြီး ကလပ်အများအပြားက သူ့ရဲ့ပုံစံနှင့် အတွေ့အကြုံကို စိတ်ဝင်စားနေပါတယ်။ ဆော်ဒီအာရေးဗျကလပ် အယ်လ်နာဆာကလည်း ပါဝင်နေသလို ယူနိုက်တက်နှင့် အခြားပရီးမီးယားလိဂ်အသင်းများကလည်း ရူးစ်ကို ခေါ်ယူရန် စိတ်ဝင်စားနေပါတယ်။
ပြီးခဲ့တဲ့ရာသီက ပြင်သစ်ကလပ်ကို ချန်ပီယံလိဂ်အောင်မြင်မှုဆီသို့ ဦးဆောင်ခဲ့တဲ့ နည်းပြ လူးဝစ် အင်းနရစ်က ၂၀၂၂ ကမ္ဘာ့ဖလားအတွက် သူ့ရဲ့စပိန်လက်ရွေးစင်အသင်းလူစာရင်းတွင် ရူးစ်ကို ချန်လှပ်ခဲ့ခြင်းအတွက် နောင်တရမိကြောင်း လူသိရှင်ကြား ပြောကြားခဲ့ပါတယ်။ အန်ရီကေးက ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလက အသက် ၂၉ နှစ်အရွယ် ကစားသမားကို အကောင်းဆုံးကွင်းလယ်လူများထဲမှ တစ်ဦးလို့ ညွှန်းဆိုပြောကြားခဲ့ပါတယ်။
"နည်းပြတစ်ယောက်အနေနဲ့ သူ့ကို ကမ္ဘာ့ဖလားကို မခေါ်သွားတာ ကျွန်တော့်ရဲ့ မှားယွင်းမှုပါပဲ။ ဒါကို ကျွန်တော် လက်ခံပါတယ်။ ကွင်းထဲမှာရော၊ ကွင်းပြင်ပမှာပါ သူ ပေးစွမ်းတဲ့အရာတွေအတွက် ကျွန်တော် အရမ်းပျော်ပါတယ်။ သူလည်း တခြားသူတွေလိုပဲ ပိုကောင်းလာနိုင်ပါသေးတယ်။ သူက အမြဲကြိုးကြိုးစားစား ကစားတယ်၊ တစ်မိနစ်ပဲဖြစ်ဖြစ်၊ မိနစ် ၉၀ ပဲဖြစ်ဖြစ် အမြဲအသင့်ရှိနေပါတယ် သူက ကျွန်တော်တို့အတွက် အရမ်းအရေးကြီးပါတယ်။ သူက တခါတလေ ဝေဖန်ခံရပေမယ့် ကျွန်တော့်ရဲ့ အကောင်းဆုံးကွင်းလယ်လူတွေထဲက တစ်ယောက်ပါ။ သူက အသင်းဖော်တွေနဲ့ ဘယ်လို ကစားရမယ်ဆိုတာ သိပါတယ်။ ဖန်တီးပေးနိုင်တယ်၊ လိုင်းတွေကြားမှာ ကစားနိုင်တယ်၊ ဘောလုံးမပါဘဲ ကစားနိုင်တယ်၊ အခွင့်အရေးတွေ ဖန်တီးနိုင်တယ်သလို ကန်ချက်လည်းကောင်းပါတယ်။ ယူရို ၂၀၂၄ မှာ သူ အကောင်းဆုံးကစားသမားအဖြစ် မဲပေးခံခဲ့ရတယ်ဆိုတာ မမေ့သင့်ပါဘူး" လို့ အင်းနရစ်က ပြောပါတယ်။