
ကွန်ညာနဲ့ အမ်ဘွေမိုတို့က ယူနိုက်တက်ကို ပိုကောင်းတဲ့အသင်းဖြစ်အောင် စွမ်းဆောင်ပေးနိုင်လိမ့်မယ်လို့ဆိုလိုက်တဲ့ မေဆင်မောင့်
မန်ချက်စတာယူနိုက်တက်ကွင်းလယ်လူ မေဆင်မောင့်က ယခုနွေရာသီမှာ အသင်းသို့စတင်ပြောင်းရွှေ့လာခဲ့တဲ့ ကစားသမားသစ် မားသီးယက်စ်ကွန်ညာနဲ့ ဘရိုင်ယန်အမ်ဘွေမိုတို့ဟာ အသင်းကို ပိုကောင်းတဲ့အခြေအနေတစ်ခုကို ပို့ဆောင်ပေးနိုင်မယ်လို့ ယုံကြည်ကြောင်းပြောကြားလာခဲ့ပါတယ်။ ယူနိုက်တက်ဟာ ဝုဗ်မှကွန်ညာနဲ့ ဘရန့်ဖို့ဒ်မှ အမ်ဘွေမိုတို့ခေါ်ယူဖို့ ပေါင်သန်း ၁၃၀ ကျော်အထိသုံးစွဲပြီး တိုက်စစ်ကို အင်အားဖြည့်တင်းခဲ့တာဖြစ်ပါတယ်။ အသင်းရဲ့တိုက်စစ်ပိုင်း ဂိုးမိုးခေါင်မှုကို အဆိုပါတိုက်စစ်ကစားသမားတွေက အဆုံးသတ်ပေးနိုင်မယ်လို့ မောင့်က ယုံကြည်နေတာဖြစ်ပါတယ်။
အင်္ဂလန်လက်ရွေးစင်က “သေချာတာကတော့ အသစ်ခေါ်ထားတဲ့ ကွန်ညာနဲ့ အမ်ဘွေမိုတို့က အသင်းကို ပိုကောင်းတဲ့အဆင့်အတန်းတစ်ခုဆီ ပို့ဆောင်ပေးနိုင်ပါလိမ့်မယ်။ ကျွန်တော်တို့ရောက်ဖို့လိုအပ်နေတဲ့ အဆင့်ပေါ့။ နည်းပြက ကျွန်တော့်ကိုလည်း သူစရောက်တဲ့နေ့ကတည်းက စကားပြောခဲ့ပြီး ယုံကြည်တယ်ဆိုတာ ပြသခဲ့ပါတယ်။ သူဘာလိုချင်တယ်ဆိုတာနဲ့ အသင်းကို ဘယ်လိုပုံစံ ကစားစေချတယ်ဆိုတာ ကျွန်တော်သိပါတယ်”
“ကျွန်တော်ကလည်း ဒီလိုအခန်းကဏ္ဍတွေမှာ အတွေ့အကြုံရှိသူတစ်ယောက်ပါ။ ဒါကြောင့် အသင်းရဲ့လူငယ်ကစားသမားတွေကို တိုးတက်လာဖို့ အကူအညီပေးနိုင်မယ်လို့ထင်ပါတယ်။ အခုချိန်မှာ အသင်းမှာရှိတဲ့လူတိုင်းက ယုံကြည်ချက်တွေမြင့်တက်နေကြပါတယ်။ ကျွန်တော်ကိုယ်တိုင်ကလည်း အသင်းကိုကူညီဖို့ စိတ်လှုပ်ရှားနေပါပြီ” လို့ပြောကြားခဲ့ပါတယ်။
ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ်မှာ တစ်သင်းလုံးပေါင်းမှ ၄၄ ဂိုးသာသွင်းယူနိုင်ခဲ့တဲ့ ယူနိုက်တက်အနေနဲ့ ယခုအခါမှာတော့ တိုက်စစ်ပိုင်းကို အင်အားဖြည့်တင်းလိုက်ပြီဖြစ်လို့ တိုးတက်မှုတွေမြင်တွေ့သွားရမလား စောင့်ကြည့်ရမှာဖြစ်ပါတယ်။ လာမယ့်ရက်သတ္တပတ်တွေမှာတော့ ယူနိုက်တက်ဟာ ရာသီကြိုခြေစမ်းပွဲစဉ်တွေအဖြစ် အမေရိကန်မြေမှာ ဝက်စ်ဟမ်း၊ အဲဗာတန်၊ ဘုန်းမောက်တို့နဲ့ ယှဉ်ပြိုင်သွားရမှာဖြစ်ပြီး တိုက်စစ်ကြယ်ပွင့်အသစ်တွေဖြစ်တဲ့ ကွန်ညာနဲ့ အမ်ဘွေမိုတို့ရဲ့အစွမ်းအစကို အဆိုပါပွဲစဉ်တွေမှာ မြင်တွေ့သွားရမှာဖြစ်ပါတယ်။