The network connection is lost.

Banner Image

ဒီလပ်က အင်္ဂလန်လက်ရွေးစင်အသင်းရဲ့ ကျောနံပါတ် ၉ ကစားသမားဖြစ်လာမယ်လို့ မာရက်စ်ကာ ချီးကျူး

ချဲလ်ဆီးနည်းပြအန်ဇိုမာရက်စ်ကာက မကြာသေးမီက အစ်ဆွစ်ချ်တောင်းမှခေါ်ယူထားခဲ့တဲ့ အသင်းရဲ့တိုက်စစ်မှူးသစ် လီယမ်ဒီလပ်ဟာ အင်္ဂလန်လက်ရွေးစင်အသင်းရဲ့ ကျောနံပါတ် ၉ ကစားသမားဖြစ်လာမယ်လို့ ချီးကျူးပြောဆိုလာခဲ့ပါတယ်။ 

အသက်-၂၂ နှစ်တိုက်စစ်မှူးဟာ အစ်ဆွစ်ချ်မှချဲလ်ဆီးသို့ ပေါင်သန်း ၃၀ နဲ့ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး ယခုအခါမှာတော့ အသင်းနဲ့အတူ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ကြိုတင်ပြင်ဆင်မှုတွေပြုလုပ်နေပါတယ်။ ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ် ၃၇ ပွဲကစားပြီး ၁၂ ဂိုးသွင်းနိုင်ခဲ့တဲ့ဒီလပ်ဟာ ချဲလ်ဆီးနဲ့ ၆ နှစ်သက်တမ်းရှိစာချုပ်တစ်ရပ်ကို ချုပ်ဆိုထားတာလည်းဖြစ်ပါတယ်။ 

ယခုအခါမှာ မာရက်စ်ကာက "ကျွန်တော်တို့အစ်ဆွစ်ချ်နဲ့ရင်ဆိုင်ခဲ့ရတုန်းက ဒီလပ်ဟာ အင်္ဂလန်အသင်းရဲ့ ကျောနံပါတ် ၉ ကစားသမားဖြစ်လာနိုင်တယ်လို့ ပြောခဲ့ဖူးပါတယ်။ အခုတော့ သူချဲလ်ဆီးကစားသမားဖြစ်နေပါပြီ။ ဒါပေမယ့် သူကအင်္ဂလန်ရဲ့ အနာဂတ်နံပါတ် ၉ ကစားသမားဖြစ်လာမယ်ဆိုတာ ကျွန်တော်သံသယမရှိယုံကြည်နေတုန်းပါပဲ" လို့ပြောကြားခဲ့ပါတယ်။ 

ဒီလပ်ဟာ ချဲလ်ဆီးသို့ အငှားစာချုပ်မှပြန်လည်ရောက်ရှိလာတဲ့ အန်ဒရေဆန်းတို့စ်၊ ဆယ်ကျော်သက်ကစားသမာသစ်လေးတွေဖြစ်တဲ့ ဒါရီယိုအက်ဆူဂို၊ မာမာဒူဆား၊ မိုက်ခ်ပန်ဒါစ်တို့နဲ့အတူ စတန်းဖို့ဒ်ဘရစ်ချ်မှာ စတင်ခြေချသွားရမှာဖြစ်ပါတယ်။ 

မာရက်စ်ကာက ကလပ်ကမ္ဘာ့ဖလားအဖွင့်ပွဲမှာတော့ သူ့အနေနဲ့ ဒီလပ်ကို ပွဲထွက်ကစားခွင့်ပြုသွားမှာမဟုတ်ကြောင်းနဲ့ လိုအပ်နေတဲ့ တောင်ပံနေရာအတွက် ကစားသမားမရွေးချယ်ရသေးကြောင်း ပြောကြားခဲ့ပါတယ်။ ချဲလ်ဆီးဟာ ယူနိုက်တက်ကြယ်ပွင့် ဆန်ချိုကို အပြီးသတ်ခေါ်ယူဖို့အခွင့်အရေးရှိခဲ့ပေမယ့် လျော်ကြေးပေါင် ၅ သန်းပေးပြီး အိုးလ်ထရက်ဖို့ဒ်သို့သာ ပြန်လည်စေလွှတ်ခဲ့တာဖြစ်ပါတယ်။ 

မာရက်စ်ကာက "ဆန်ချိုက ကျွန်တော်တို့နဲ့မရှိချိန်မှာ တောင်ပံနေရာအတွက် တစ်ခုခုလုပ်ဖို့လိုပါတယ်။ မူဒရစ်ကလည်း ကျွန်တော်တို့နဲ့မရှိဘူးဆိုတော့ လောလောဆယ်တောင်ပံနေရာအတွက် မာဒူကီ၊ နက်တိုနဲ့နဲ့ ဂျော့ဂျ်တို့ကိုပဲ သုံးရမှာပါ" လို့ပြောကြားခဲ့ပါတယ်။ 

ချဲလ်ဆီးဟာ ဒေါ့မွန်တောင်ပံကစားသမား ဂျေမီဂစ်တန်စ်ကို ပစ်မှတ်ထားနေပြီး ပေါင် ၄၂ သန်းနဲ့ကမ်းလှမ်းခဲ့ပေမယ့် သဘောတူညီမရရှိခဲ့ပါဘူး။ တစ်ချိန်တည်းမှာပဲ ချဲလ်ဆီးဟာ အေစီမီလန်ဂိုးသမား မိုက်ခ်မိုင်နန်ကိုချဉ်းကပ်နေတယ်လို့ သတင်းတွေထွက်ပေါ်နေပေမယ့် မာရက်စ်ကာကတော့ လက်ရှိဂိုးသမား ရောဘတ်ဆန်းချက်ဇ်ကိုယုံကြည်ကြောင်းပြောကြားခဲ့ပါတယ်။ 

အီတလီသားနည်းပြက "ရောဘတ်က ကျွန်တော်တို့ရဲ့နံပါတ် ၁ ဂိုးသမားပါ။ ကျွန်တော်တို့နံပါတ် ၂ ဂိုးသမားကိုတော့ ရှာနေတုန်းပါပဲ။ မိုင်နန်က အခြားအသင်းက ကစားသမားပါ။ သူ့အကြောင်းကိုအခုလိုပြောနေတာ မသင့်တော်ဘူးထင်ပါတယ်" လို့ပြောကြားခဲ့ပါတယ်။