
ယာမယ်လ်ရဲ့ အလားအလာကို ချီးကျူးပြီး မက်ဆီနဲ့ ရော်နယ်ဒို အဆင့်အထိရောက်နိုင်ကြောင်း အွန်နရီ အရိပ်အမြွက်ပြောကြား
သီယာရီအွန်နရီက ဘာစီလိုနာအသင်းရဲ့ ဆယ်ကျော်သက်ကြယ်ပွင့် လမိုင်းယာမယ်လ်ကို ချီးကျူးပြောဆိုခဲ့ပြီး အသက် ၁၇ နှစ်အရွယ် ကစားသမားဟာ ခရစ္စတီယာနိုရော်နယ်ဒိုနဲ့ လီယွန်နယ် မက်ဆီတို့လို ကစားသမားကြီးတွေရဲ့ အဆင့်ကို ရောက်ရှိနိုင်တဲ့ အလားအလာရှိတယ်လို့ ပြောကြားခဲ့ပါတယ်။
ယာမယ်လ်ဟာ ယနေ့နံနက် အင်တာမီလန်နဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ပထမအကျော့ ၃-၃ သရေပွဲမှာ ထူးချွန်တဲ့ခြေစွမ်းပြသခဲ့ပြီး တကိုယ်တော်အစွမ်းနဲ့ ဦးဆောင်ဂိုး သွင်းယူပေးခဲ့ပါတယ်။ ပွဲအပြီး CBS Sports နဲ့ အင်တာဗျူးမှာ အာဆင်နယ်ဂန္ထဝင် အွန်နရီက သူ့ရဲ့ မှတ်ချက်စကားတွေဟာ လူငယ်ကစားသမားအပေါ် ဖိအားတွေ မဖြစ်စေဖို့ မျှော်လင့်ကြောင်း ပြောကြားခဲ့ပါတယ်။
"ဘောလုံးလောကကို လွှမ်းမိုးနိုင်မယ့်ပုံပေါ်တဲ့ ကစားသမားသစ်တစ်ယောက်ကို တွေ့ရတာ အရမ်းကောင်းပါတယ်။ သူ့အတွက် ဒီလိုဖြစ်စေချင်ပေမဲ့ သူ့ကို ဖိအားမပေးကြပါနဲ့" လို့ အွန်နရီက ပြောပါတယ်။ ဘောလုံးလောကရဲ့ ကြီးကျယ်ခမ်းနားမှုတွေဟာ လည်ပတ်နေတယ်ဆိုတာကို ထင်ဟပ်ပြောကြားရင်း အွန်နရီက "ဘောလုံးလောကမှာ ကျွန်တော့်ကို အံ့အားသင့်စေတဲ့အရာတစ်ခုကတော့ ရော်နယ်ဒို၊ မက်ဆီ၊ ဂူလစ်၊ မာရာဒိုနာတို့ထက် ဘယ်သူမှ ပိုကောင်းမှာမဟုတ်ဘူးလို့ အမြဲထင်ခဲ့တာပါပဲ။ ပြီးတော့ ယာမယ်လ် ရောက်လာခဲ့ပါတယ်" လို့ ထပ်ပြောခဲ့ပါတယ်။
အွန်နရီက ယာမယ်လ်ရဲ့ အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ ရရှိထားတဲ့ အောင်မြင်မှုတွေဟာ မယုံနိုင်စရာကောင်းကြောင်း အလေးပေးပြောကြားခဲ့ပါတယ်။ "ဒီကောင်လေးက အသက် ၁၇ နှစ်ပဲရှိသေးတယ်ဆိုတာ တွေးကြည့်ရတာ ရူးသွပ်စရာပါပဲ။ ဒါက ပုံမှန်မဟုတ်ပါဘူး"လို့ အွန်နရီက ဆိုပါတယ်။
အံ့သြစရာကောင်းတာက ယာမယ်လ်ဟာ အင်တာမီလန်နဲ့ပွဲမှာ ဘာစီလိုနာအတွက် ပွဲ ၁၀၀ မြောက် ကစားခဲ့တာပါ။ ဒီအသက်အရွယ်မှာ မက်ဆီက ဘာစီလိုနာအတွက် ၇ ပွဲသာ ကစားခဲ့ရပါသေးတယ်။ တွဲဖက်သုံးသပ်သူ ဂျေမီ ကာရာဂါကလည်း အွန်နရီရဲ့ မက်ဆီနဲ့ နှိုင်းယှဉ်မှုကို ထောက်ခံခဲ့ပြီး ယာမယ်လ်ဟာ ဥရောပရဲ့ ထိပ်တန်းကစားသမားတွေထဲမှာ ပါဝင်နေပြီလို့ ဆိုပါတယ်။ မန်စီးတီး တိုက်စစ်မှူး အာလင်းဟာလန်းနဲ့ ရီးရဲလ်မက်ဒရစ်ကြယ်ပွင့် ကီလီယန်အမ်ဘာပေတို့နဲ့လည်း ကာရေဂါက နှိုင်းယှဉ်ပြောဆိုခဲ့ပါတယ်။
"ဒါဟာ မက်ဆီရဲ့ အကောင်းဆုံးအချိန်တွေကို ပြန်ကြည့်ရသလိုပါပဲ။ သူ ဘောလုံးရလိုက်တာနဲ့ ပွဲတစ်ခုလုံး ရပ်သွားပြီး လူတွေက သူဘာဆက်လုပ်မလဲဆိုတာကို စောင့်ကြည့်နေကြပါတယ်"လို့ ကာရာဂါက မှတ်ချက်ပြုခဲ့ပါတယ်။ ကာရာဂါက ယာမယ်လ်ရဲ့ ကစားဟန်ကို ဟာလန်းနဲ့ ကွဲပြားကြောင်း ပြောကြားခဲ့ပါတယ်။
"မက်ဆီနဲ့ ရော်နယ်ဒိုပြီးရင် အမ်ဘာပေနဲ့ ဟာလန်းတို့က နောက်ထပ် အကောင်းဆုံးကစားသမားနှစ်ဦးဖြစ်လာမယ်လို့ ကျွန်တော်တို့ အမြဲထင်ခဲ့ပါတယ်။ ဟာလန်းကတော့ ဒီလိုဖြစ်လာမှာမဟုတ်ဘူးလို့ ထင်ပါတယ်။ သူက ဂိုးသွင်းသူသက်သက်ပါပဲ" သူက ယာမယ်လ်ဟာ အမ်ဘာပေထက် ပွဲတွေမှာ ပိုမိုပါဝင်ပတ်သက်ကြောင်း မီးမောင်းထိုးပြခဲ့ပါတယ်။
"ဒီည ယာမယ်လ် ကစားသွားတဲ့ပုံစံက အခုအချိန်မှာ အမ်ဘာပေထက် ပိုကောင်းတယ်လို့ မပြောပါဘူး။ ဒါပေမဲ့ သူ့က ပိုပြည့်စုံပါတယ်။"လို့ ကာရေဂါက ထောက်ပြခဲ့ပါတယ်။ ဘာစီလိုနာအသင်းဟာ လာမယ့် အင်္ဂါနေ့မှာ အင်တာမီလန်နဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ဒုတိယအကျော့အတွက် မီလန်မြို့ကို သွားရောက်ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။