
လီဗာပူးပစ်မှတ် အီဆက်ခ်အတွက် အပြည့်အဝစာနာနားလည်ပေးနိုင်တယ်လို့ ဆိုလိုက်တဲ့ ဂေါ်ဒွန်
နယူးကာဆယ်မှ လီဗာပူးဆီ ပြောင်းရွှေ့ဖို့ အပြင်းအထန်ချိတ်ဆက်နေတဲ့ အီဆက်ခ်အပေါ် အန်တိုနီဂေါ်ဒွန်က စာနာနားလည်မှုအပြည့်အဝရှိနေခဲ့ပါတယ်။ ဆွီဒင်လက်ရွေးစင်တိုက်စစ်မှူးက စိန့်ဂျိမ်းစ်ပတ်ခ်မှထွက်ခွာခွင့်ရရှိဖို့ တွန်းအားပေးနေတယ်လို့ သိရပြီး ဒါဟာ လွန်ခဲ့တဲ့တစ်နှစ်ခန့် ဂေါ်ဒွန်ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့အခြေအနေကို ထင်ဟပ်နေစေပါတယ်။
ပြီးခဲ့တဲ့တစ်နှစ်လောက်က နယူးကာဆယ်ဟာ ပရီးမီးယားလိဂ်ရဲ့ဘဏ္ဍာရေးစည်းမျဉ်းတွေနဲ့ကိုက်ညီဖို့ အပြင်းအထန်ရုန်းကန်ခဲ့ရပြီး ခက်ခဲတဲ့ဘဏ္ဍာရေးဆိုင်ရာဆုံးဖြတ်ချက်တွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ သူတို့တွေက စည်းမျဉ်းတွေနဲ့ကိုက်ညီစေဖို့ အသင်းရဲ့တန်ဖိုးအရှိဆုံးကစားသမားဖြစ်တဲ့ ဂေါ်ဒွန်နဲ့လမ်းခွဲရန် အလေးအနက်စဉ်းစားခဲ့ဖူးပါတယ်။ အဲ့ဒီအချိန်တုန်းကလည်း တောင်ပံကစားသမားကိုခေါ်ယူဖို့ စိတ်ဝင်စားသူတွေထဲမှာ လီဗာပူးအသင်း ပါဝင်ခဲ့ပါတယ်။
အခုအချိန်မှာလည်း ကံကြမ္မာရဲ့ထူးဆန်းလှတဲ့ပြကွက်တွေအရ ဒီလိုအခြေအနေမျိုးအောက်မှာ အီဆက်ခ်ကို မြင်တွေ့လာရပါတယ်။ ဂေါ်ဒွန်တုန်းကတော့ အဆုံးသတ်မှာ ကလပ်အသင်းနဲ့အတူ ဆက်ရှိနေခဲ့ပေမယ့် အီဆက်ခ်ကတော့ အသင်းမှထွက်ခွာပြီး လီဗာပူးနဲ့အတူပေါင်းစည်းဖို့အတွက် စိတ်အားထက်သန်နေတယ်လို့ သတင်းတွေအရ သိရပါတယ်။
ကြိုးကြာနီတွေက ဆွီဒင်တိုက်စစ်မှူးအတွက် ပေါင်သန်း ၁၂၀ တန်ကမ်းလှမ်းမှုကို တရားဝင်ပြုလုပ်ခဲ့ပေမယ့် ငှက်ကျားတွေက ချက်ချင်းဆိုသလို ပယ်ချသွားခဲ့ပါတယ်။ နယူးကာဆယ်က အီဆက်ခ်အတွက် အနည်းဆုံးပေါင်သန်း ၁၅၀ တန်ကမ်းလှမ်းမှုရရှိမှသာလျှင် ရောင်းချသွားမယ်ဆိုတဲ့ ရပ်တည်ချက်ကို အပြင်းအထန်ကိုင်စွဲထားပါတယ်။
Daily Mail နဲ့ အင်တာဗျူးတစ်ခုမှာ ဂေါ်ဒွန်က “ အီဆက်ခ်ကြုံတွေ့နေရတဲ့အရာအပေါ် ကျွန်တော် နားလည်ပေးနိုင်ပါတယ်။ ကျွန်တော့်အတွက် ကျွန်တော်ပြောနိုင်တဲ့အရာကတော့ နွေရာသီကာလတစ်ခုမှာ အပြောင်းအရွှေ့အတွက် ထင်ကြေးပေးခံရတာ ပျော်စရာကောင်းတယ်ဆိုတာပါပဲ။ သုံးနှစ်လောက်အတွင်း ပထမဆုံးအကြိမ် ဖြစ်ပါတယ်။ အလွန်လွယ်ကူခဲ့ပြီး စိတ်ပိုင်းဆိုင်ရာအရ လန်းဆန်းစေပါတယ်”လို့ ပြောပါတယ်။
ဗဟိုတိုက်စစ်မှူးနေရာမှာ ကစားခွင့်နဲ့ပတ်သက်လို့ သူက “ အရင်တုန်းကလည်း ပြောခဲ့ဖူးပါတယ်။ ကျွန်တော်က No.9 တိုက်စစ်မှူးအဖြစ်ကစားရတာကို ကြိုက်ပါတယ်။ ဒီအတွက် လက်တွေ့လေ့ကျင့်သွားဖို့ လိုအပ်ပါတယ်။ ဒါက စိန်ခေါ်မှုတစ်ခုဖြစ်ပြီး နည်းပြကိုယ်တိုင် ကျွန်တော့်ဆီ တာဝန်ပေးလာမယ်ဆိုရင်လည်း ကျွန်တော် ပျော်ရွှင်မိပါလိမ့်မယ်”လို့ ဆက်ပြောပါတယ်။
ဒီနေရာမှာ အီဆက်ခ်အတွက် လီဗာပူးက ပိုမိုကောင်းမွန်တဲ့ကမ်းလှမ်းမှုတစ်ခုနဲ့ ပြန်လာမလား(သို့မဟုတ်) အပြောင်းအရွှေ့အတွက် လက်လျှော့သွားမလားဆိုတာ စောင့်ကြည့်ရပါဦးမယ်။ နယူးကာဆယ်ဘက်ကတော့ ကစားသမားအတွက် ပေါင်သန်း ၁၅၀ အထိ ဈေးခေါ်ထားပြီး အီဆက်ခ်ကိုယ်တိုင်လည်း ငှက်ကျားတွေနဲ့ ကာလရှည်စာချုပ်သက်တမ်းရှိနေလို့ တိုင်နီးဆိုဒ်ဒေသခံကလပ်အသင်းဟာ ညှိနှိုင်းမှုတွေမှာ အသာစီးရရှိထားဆဲ ဖြစ်ပါတယ်။