The network connection is lost.

Banner Image

ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကို အဓိပ္ပါယ်မရှိတဲ့အရာလို့ ဝေဖန်ခဲ့တဲ့ လာလီဂါဥက္ကဌ တီဘက်စ်

လာလီဂါအဖွဲ့ချုပ်ဥက္ကဌ ဂျာဗီးယားတီဘက်စ်က မကြာခင်ကျင်းပတော့မယ့် ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကို လုံးဝအဓိပ္ပါယ်မရှိတဲ့အရာတစ်ခုအဖြစ် တနင်္လာနေ့၊ အင်တာဗျူးအစီအစဉ်တစ်ခုမှာ ထပ်လောင်းပြောကြားခဲ့ပါတယ်။ ဒီပြိုင်ပွဲကို ပြိုင်ပွဲဝင်ကလပ်အသင်း ၃၂ ခုနဲ့အတူ အမေရိကန်မြေမှာ ဇွန် ၁၄ ရက်မှ ဇူလိုင် ၁၃ ရက်အထိ ကျင်းပသွားပါမယ်။

Cadena Cope Radio နဲ့တွေ့ဆုံစဉ် တီဘက်စ်က “ လုံးဝကို အဓိပ္ပါယ်မရှိလှတဲ့ ပြိုင်ပွဲတစ်ခု ဖြစ်ပါတယ်။ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲက ကစားသမားတွေရဲ့ ရုပ်ပိုင်းဆိုင်ရာယိုယွင်းပျက်စီးမှု ကို သိသာထင်ရှားစေရုံသာမက အထူးသဖြင့် ဥရောပရှိ နိုင်ငံအလိုက်လိဂ်ပြိုင်ပွဲတွေရဲ့ စီးပွားရေးဆိုင်ရာ ဂေဟစနစ်တစ်ခုလုံးကို ထိခိုက်စေပါတယ်”လို့ ပြောပါတယ်။

အခုကျင်းပတော့မယ့် ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲဆီ ပါဝင်ယှဉ်ပြိုင်မယ့် စပိန်ကလပ်အသင်းနှစ်ခုကတော့ ရီးရဲလ်မက်ဒရစ်နဲ့ အက်သလက်တီကိုမက်ဒရစ်တို့ပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ ဇူလိုင် ၄-၅ ရက်မှသာ ကွာတားဖိုင်နယ်ပွဲစဉ်တွေကစားဖို့ စီစဉ်ထားမှုနဲ့အတူ ပြိုင်ပွဲရဲ့ဖိုင်နယ်အဆင့်ဆီ ဒီကလပ်အသင်းနှစ်ခုတက်ရောက်သွားမယ်ဆိုရင် လာလီဂါပြိုင်ပွဲအတွက် အနုတ်သဘောဆောင်တဲ့သက်ရောက်မှုတွေ ရှိလာနိုင်တယ်လို့ တီဘက်စ်က ဆိုပါတယ်။ လာလီဂါဘောလုံးရာသီသစ်ကို သြဂုတ် ၁၆-၁၇ ရက်မှာ စတင်သွားပါမယ်။

တီဘက်စ်က “ အခုတော့ ရီးရဲလ်မက်ဒရစ်နဲ့ အက်သလက်တီကိုမက်ဒရစ်တို့ရဲ့လာလီဂါဘောလုံးရာသီသစ်ကို ဘယ်အချိန်မှာစတင်မလဲဆိုတဲ့ အငြင်းပွားမှုတွေ ရှိလာပါပြီ။ ဒါက ကျွန်တော်တို့ရဲ့ပုံမှန်ပွဲစဉ်ဇယားရေးဆွဲမှုကို အနှောင့်အယှက်ဖြစ်စေပြီး ကာလလတ်အတိုင်းအတာအထိ ကျွန်တော်တို့ကို ထိခိုက်စေပါတယ်။

အကယ်၍ ရီးရဲလ်မက်ဒရစ်၊ အက်သလက်တီကိုမက်ဒရစ်တို့ရဲ့လာလီဂါဘောလုံးရာသီသစ်ကို ကစားသမားတွေ အနားယူနိုင်ရေးအလို့ငှာ နောက်ကျမှစတင်မယ်လို့ ဆုံးဖြတ်ရင် ဒါက ကျွန်တော်တစ်ဦးတည်းရဲ့ဆုံးဖြတ်ချက် မဟုတ်ပါဘူး။ သူတို့တွေရောက်ရှိနိုင်မယ့်ခရီးလမ်းအတိုင်းအတာအပေါ် မူတည်ပြီး ဒီကိစ္စကို အချိန်တန်မှသာ ဆုံးဖြတ်သွားရပါလိမ့်မယ်။ ဒါပေမယ့် ကျွန်တော်တို့မနှစ်သက်လှတဲ့ အခြားပြိုင်ပွဲတွေအတွက် ကျွန်တော်တို့ရဲ့ပွဲစဉ်ဇယားရေးဆွဲမှု ကို လုံးဝပြောင်းလဲပစ်လိုက်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။

သူတို့တွေက ဖြစ်ပေါ်လာမယ့်ကိစ္စတွေနဲ့ပတ်သက်လို့ ကျွန်တော်တို့နဲ့ ဘာတစ်ခုမှ မတိုင်ပင်ခဲ့ပါဘူး။ ရီးရဲလ်မက်ဒရစ် (သို့) အက်သလက်တီကိုမက်ဒရစ်တို့လို အသင်းကြီးတွေ လာလီဂါအဖွင့်သီတင်းပတ်မှာ မကစားနိုင်ဘူးဆိုရင် ဒီပြိုင်ပွဲကြောင့် စပိန်ပြည်တွင်းလိဂ်ရဲ့ယှဉ်ပြိုင်မှု ကို ထိခိုက်စေပါတယ်”လို့ ပြောပါတယ်။

အလားတူ  ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲကို ဆောင်းရာသီသို့ ပြောင်းရွှေ့မှု၊ ၂၀၂၆ ကမ္ဘာ့ဖလားမှာ ပြိုင်ပွဲဝင်အသင်းအရေအတွက် ၄၈ သင်းအထိ တိုးမြှင့်မှုအပြင် ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကို လေးနှစ်တစ်ကြိမ် ကျင်းပဖို့ဆုံးဖြတ်မှုတွေမှာ သက်ဆိုင်ရာပြည်တွင်းဘောလုံးလိဂ်တွေနဲ့ တိုင်ပင်ဆွေးနွေးမှုမရှိခြင်းအပေါ် တီဘက်စ်က ဖီဖာကို ဝေဖန်ခဲ့ပါတယ်။