
ပေါင်သန်း ၄၀ ရရင် ဂါနာချိုကို ရောင်းချသွားမယ့် ယူနိုက်တက်
မန်ချက်စတာယူနိုက်တက်ဟာ အသင်းရဲ့တောင်ပံကြယ်ပွင့်ကစားသမား အလီဂျန်ဒရိုဂါနာချိုအတွက် တန်ကြေးသတ်မှတ်လိုက်ပြီး ပေါင်သန်း ၄၀ ရရင် ရောင်းချသွားမယ်လို့ သတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။ မကြာသေးမီက ယူနိုက်တက်ဟာ ဂါနာချိုရဲ့တန်ကြေးကို ပေါင်သန်း ၇၀ သတ်မှတ်ထားခဲ့ပေမယ့် ယခုအခါမှာ ပေါင်သန်း ၄၀ အထိလျှော့ချလိုက်တာကြောင့် ပြိုင်ဘက်ပရီးမီးယားလိဂ်ကလပ်တွေက အာဂျင်တီးနားသားကိုခေါ်ယူဖို့ စိတ်ဝင်စားမှုတွေမြင့်တက်လာခဲ့ပါတယ်။
ယူနိုက်တက်နည်းပြရူဘင်အာမိုရင်ဟာ အသက်-၂၁ နှစ်အရွယ်ကစားသမားကိုရောင်းချဖို့အတွက် ကြိုတင်ပြင်ဆင်ထားခဲ့တာဖြစ်ပြီး အမေရိကန်သို့ထွက်ခွာခဲ့တဲ့ အသင်းရဲ့လူစာရင်းကနေ ချန်လှပ်ထားခဲ့ပါတယ်။ The Telegraph သတင်းဌာနရဲ့ဖော်ပြချက်အရ ပရီးမီးယားလိဂ်မှာဆက်ကစားလိုတဲ့ ဂါနာချိုကို ချဲလ်ဆီး၊ အက်စတွန်ဗီလာနဲ့ တော့တင်ဟမ်တို့က ခေါ်ယူဖို့စိတ်ဝင်စားနေတယ်လို့သိရပါတယ်။
ယူနိုက်တက်ကို ပြောင်းလဲမှုတွေပြုလုပ်နေတဲ့အာမိုရင်ဟာ ဂါနာချိုနဲ့အတူ ဂျေဒန်ဆန်ချို၊ တိုင်ရဲလ်မာလာစီယာ၊ အန်တိုနီနဲ့ မကြာသေးမီက ဘာစီလိုနာသို့အငှားနဲ့ထွက်ခွာခဲ့တဲ့ မားကပ်စ်ရက်ရှ်ဖို့ဒ်တို့ကို အပြီးသတ်ရောင်းချလိုနေတာဖြစ်ပါတယ်။ ယူနိုက်တက်အနေနဲ့လည်း အသင်းရဲ့ ဘဏ္ဍာရေးဆုံးရှုံးမှုတွေကို ပြန်လည်ရယူနိုင်ဖို့အတွက် နည်းပြအာမိုရင်ရဲ့ဦးဆောင်မှုနဲ့အတူ ကစားသမားတွေရောင်းချနိုင်ရေးကို အဓိကဦးစားပေးလုပ်ဆောင်နေပါတယ်။
ပြီးခဲ့တဲ့ဇန်နဝါရီအပြောင်းအရွှေ့မှာ ဂါနာချိုကို ချဲလ်ဆီးနဲ့ နာပိုလီတို့ကစိတ်ဝင်စားခဲ့ပြီး ထိုစဉ်ကတော့ ယူနိုက်တက်ဟာ ကစားသမားရဲ့တန်ကြေးကို ပေါင်သန်း ၇၀ ဝန်းကျင်သတ်မှတ်ထားခဲ့တာဖြစ်ပါတယ်။ ယခုအခါမှာတော့ နည်းပြအာမိုရင်ရဲ့အစီအစဉ်တွေမှမပါဝင်တဲ့ ဂါနာချိုအနေနဲ့ အိုးလ်ထရက်ဖို့ဒ်မှ သေချာပေါက်ထွက်ခွာသွားရဖို့ရှိတာကြောင့် ယူနိုက်တက်က ပေါင်သန်း ၄၀ အထိ ဈေးလျှော့လာခဲ့တာဖြစ်ပါတယ်။
နိုင်ငံခြားကလပ်တွေက ဂါနာချိုကိုခေါ်ယူဖို့ စိတ်ဝင်စားမှုတွေရှိနေပေမယ့် အာဂျင်တီးနားသားဟာ ပရီးမီးယားလိဂ်မှာပဲ ဆက်လက်နေထိုင်ဖို့ ဆန္ဒရှိနေတာကြောင့် ပြိုင်ဘက် ပရီးမီးယားလိဂ်ကလပ်တစ်ခုခုသို့ ပြောင်းရွှေ့သွားဖွယ်ရှိပါတယ်။ လာမယ့်ရက်သတ္တပတ်အနည်းငယ်အတွင်းမှာပဲ ဂါနာချိုနဲ့ပတ်သက်ပြီး ယူနိုက်တက်အနေနဲ့ ဆွေးနွေးညှိနှိုင်းမှုတွေပြုလုပ်သွားရဖွယ်ရှိပြီး အာဂျင်တီးနားသားကို ဘယ်အသင်းက လက်ဦးမှုရယူပြီးခေါ်ယူသွားနိုင်မလဲ စောင့်ကြည့်ရမှာဖြစ်ပါတယ်။