
ဂုဏ်ပြုကြိုဆိုမှုတစ်ခုနဲ့ လီဗာပူးအသင်း ထိုက်တန်ပါတယ်လို့ ဆိုလိုက်တဲ့ ကူကူရယ်လာ
ကူကူရယ်လာက ချဲလ်ဆီးအနေဖြင့် ဒီညပွဲစဉ်မှာ သူတို့ရဲ့ဂုဏ်ပြုကြိုဆိုမှု(Guard of Honour)ကို လီဗာပူးအသင်းအတွက် ပျော်ပျော်ရွှင်ရွှင်ကျေကျေနပ်နပ်ပြုလုပ်ပေးသွားမှာဖြစ်ပေမယ့် ပွဲစတင်လာချိန် သူတို့ရဲ့လေးစားမှုပြသခြင်းကို ရပ်တန့်ပစ်လိုက်ရလိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။
စတမ်းဖို့ဒ်ဘရစ်ချ်ဆီရောက်ရှိလာမယ့်ဧည့်သည်တွေက အခုရာသီရဲ့ပရီးမီးယားလိဂ်ချန်ပီယံတွေအဖြစ် အောင်ပွဲခံနိုင်ထားချိန်မှာပဲ မာရက်စ်ကာရဲ့အသင်းက ရာသီကုန်ချန်ပီယံလိဂ်ဝင်ခွင့်အတွက် သူတို့ရဲ့ကြိုးပမ်းမှုကို တွန်းအားပေးသွားဖို့ စိတ်အားထက်သန်နေပါတယ်။
ကူကူရယ်လာက “ သူတို့တွေက ပရီမီးယားလိဂ်ချန်ပီယံဆုကို ထိုက်ထိုက်တန်တန်ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ဒါကြောင့် ဂုဏ်ပြုဆိုမှုတစ်ခု(Guard of Honour)က သူတို့နဲ့ ထိုက်တန်ပါတယ်။ ဒါကို လုပ်ဖို့လိုအပ်မယ်ဆိုရင် ကျွန်တော်တို့ လုပ်သွားပါမယ်။ ဒါက ပွဲစတင်ခင်ကိစ္စဖြစ်ပါတယ်။ ပွဲစလာရင်တော့ ကျွန်တော်တို့က ကိုယ့်ရည်မှန်းချက်အတွက် တိုက်ပွဲဝင်သွားပါလိမ့်မယ်။
ကျွန်တော်တို့က အနိုင်သုံးမှတ်အပြည့်ရရှိဖို့အတွက် အစွမ်းကုန်တိုက်ပွဲဝင်သွားမှာပါ။ လာမယ့်နှစ်တွေအတွင်း ကျွန်တော်တို့ကိုယ်တိုင်လည်း ဒီလိုမျိုးအောင်ပွဲခံနိုင်ဖို့ မျှော်လင့်မိပါတယ်။ ဒီအတွက်ပဲ ကျွန်တော်တို့ ကြိုးစားနေသလို တိုက်ပွဲဝင်နေတာလည်း ဖြစ်ပါတယ်။
ဂုဏ်ပြုကြိုဆိုတယ်ဆိုတာ ကောင်းတဲ့ကိစ္စတစ်ခု ဖြစ်ပါတယ်။ သူတို့တွေက လိဂ်ရဲ့ချန်ပီယံတွေဖြစ်လို့ ကျွန်တော်တို့ ဂုဏ်ပြုကြိုဆိုပေးရပါမယ်။ ပွဲစတင်လာပြီဆိုရင်တော့ ကျွန်တော်တို့လည်း ကိုယ့်အလုပ်ကိုယ် လုပ်သွားရပါမယ်”လို့ ပြောပါတယ်။
ဒီပွဲစဉ်က ၂၀၁၅ ခုနှစ်၊ မေလအတွင်း စတမ်းဖို့ဒ်ဘရစ်ချ်မှာ မော်ရင်ဟိုရဲ့အသင်းကို စတီဗင်ဂျရတ်နဲ့ သူ့ရဲ့အသင်းဖော်တွေ ဂုဏ်ပြုကြိုဆိုပေးခဲ့တဲ့အခိုက်အတန့်ဆီ အမှတ်ရမိစေပါလိမ့်မယ်။
အခုအချိန်မှာတော့ ချဲလ်ဆီးအသင်းက အတိတ်ကာလတွေနဲ့ အလွန်ကွာခြားလာတဲ့အသင်းတစ်ခု ဖြစ်လာနေပြီး အသင်းပိုင်ရှင်တွေကိုယ်တိုင်ကတော့ သူတို့ရဲ့အောင်မြင်မှုနေ့ရက်တွေဆီ နောက်တစ်ကြိမ်ပြန်သွားနိုင်ဖို့အတွက် စိတ်အားထက်သန်နေပါတယ်။ ဒါပေမယ့် ကူကူရယ်လာကတော့ သူတို့တွေဟာ စပါယ်ရှယ်အခိုက်အတန့်တွေဆီ အတူတကွရောက်ရှိနိုင်ရေး ကြိုးစားနေတယ်လို့ ယုံကြည်နေပါတယ်။
ကူကူရယ်လာက “ ကျွန်တော်တို့က ပွဲတိုင်းကို အနိုင်ရရှိဖို့၊ ဒီလိုအရေးကြီးတဲ့ပွဲစဉ်တွေကို ယှဉ်ပြိုင်ကစားဖို့၊ ဗိုလ်လုပွဲရောက်ရှိဖို့နဲ့ ဆုဖလားတစ်ခုအတွက် ယှဉ်ပြိုင်ကစားဖို့ နေ့စဉ်နေ့တိုင်းကြိုးစားလေ့ကျင့်နေပါတယ်။ ဒါကပဲ ကျွန်တော်တို့ရဲ့အဓိကရည်မှန်းချက်ဖြစ်ပါတယ်။ ကျွန်တော်တို့က အရေးပါတဲ့အရာတစ်ခုခုကို စတင်တည်ဆောက်နေပြီလို့ ယူဆမိပါတယ်”လို့ ပြောပါတယ်။
ရာသီကုန်ချန်ပီယံလိဂ်ဝင်ခွင့်ရရှိဖို့အတွက် တိုက်ပွဲဝင်နေတဲ့ ချဲလ်ဆီးအသင်းက လက်ကျန်ပွဲစဉ်တွေမှာ နယူးကာဆယ်၊ နော်တင်ဟမ်ဖောရက်စ်တို့လို ပြိုင်ဘက်ကောင်းတွေနဲ့ ဆက်လက်ရင်ဆိုင်သွားရပါမယ်။
ချန်ပီယံလိဂ်ဝင်ခွင့်ရရှိရေးမျှော်လင့်ချက်နဲ့ပတ်သက်လို့ ကူကူရယ်လာက “ ပရီးမီးယားလိဂ်ပြိုင်ပွဲက အရမ်းခက်ခဲတယ်ဆိုတာ ကျွန်တော်သိပါတယ်။ လွယ်ကူတဲ့ပွဲစဉ်ဆိုတာ မရှိပါဘူး။ကျွန်တော်တို့ တိုက်ပွဲဝင်သွားဖို့ လိုအပ်ပါတယ်။ တစ်ပွဲလောက် အာရုံစူးစိုက်မှုလျော့ကျသွားမယ်ဆိုရင် ရှုံးနိမ့်သွားနိုင်ပါတယ်။အခုအချိန်မှာတော့ အခွင့်အရေးက ကျွန်တော်တို့လက်ထဲမှာ ရှိနေပါတယ်။ ချန်ပီယံလိဂ်ဝင်ခွင့်က ကျွန်တော်တို့အတွက် အရမ်းအရေးကြီးပါတယ်”လို့ ပြောပါတယ်။