
ကိုပါဒယ်လ်ရေးဖလားဖိုင်နယ်ပွဲစဉ်အတွင်း အပြုအမူတွေကြောင့် ခြောက်ပွဲပယ်ပြစ်ဒဏ်နဲ့ ရင်ဆိုင်ရမယ့် ရူဒီဂါ
ကိုပါဒယ်လ်ရေးဖလားဗိုလ်လုပွဲအတွင်း ဒေါသအိုးပေါက်ကွဲမှုတွေအတွက် ခြောက်ပွဲပယ်ပြစ်ဒဏ်ကို အန်တိုနီယိုရူဒီဂါ ကျခံသွားရဖို့ရှိပေမယ့် ဘယ်လင်ဟမ်ရဲ့အနီကတ်ပြစ်ဒဏ်ကိုတော့ သက်ညှာခွင့်ပေးခဲ့ပါတယ်။
မဟာပြိုင်ဘက်တွေဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်နဲ့ ဘာစီလိုနာတို့ ထိပ်တိုက်တွေ့ဆုံတဲ့ ကိုပါဒယ်လ်ရေးဖလားဗိုလ်လုပွဲအပြီး ရူဒီဂါရဲ့အမျက်ဒေါသတွေက ကွင်းလယ်ဒိုင်လူကြီးဆီ ရောက်ရှိသွားကာ ဒေါသအိုးပေါက်ကွဲနေတဲ့သူ့ကို အသင်းဝန်ထမ်းတွေ ဝိုင်းဆွဲထားခဲ့ရပါတယ်။ ဒီနောက်မှာတော့ ရူဒီဂါကို ကွင်းလယ်ဒိုင်က အနီကတ်ပြသခဲ့ပါတယ်။ အချိန်ပိုမှာ ဘာစီလိုနာက ၃-၂ ဂိုးဖြင့် အနိုင်ရရှိခဲ့တဲ့ပွဲစဉ်အတွင်း ရူဒီဂါအပြင် ရန်လိုတဲ့အပြုအမူတွေပြသခဲ့တဲ့ ဘယ်လင်ဟမ်နဲ့ လူးကပ်စ်ဗက်ကွက်ဇ်တို့လည်း အနီကတ်ပြစ်ဒဏ်တွေ ရရှိခဲ့ပါတယ်။
အခုအချိန်မှာတော့ စပိန်ဘောလုံးအဖွဲ့ချုပ်က သူတို့ရဲ့ဝက်ဘ်ဆိုဒ်မှတဆင့် ရီးရဲလ်မက်ဒရစ်ကြယ်ပွင့်သုံးဦးနဲ့ ပတ်သက်တဲ့ ပြစ်ဒဏ်တွေကို ကြေညာသွားခဲ့ပါတယ်။ ဒီကြေညာချက်အရ ရူဒီဂါကို ခြောက်ပွဲပယ်ပြစ်ဒဏ်ချမှတ်ရန် သတ်မှတ်ခဲ့ပြီး လူးကပ်စ်ဗက်ကွက်ဇ်လည်း နှစ်ပွဲပယ်ပြစ်ဒဏ်နဲ့ ရင်ဆိုင်သွားရမယ်လို့ သိရပါတယ်။ တဖက်မှာတော့ ဘယ်လင်ဟမ်ရဲ့အနီကတ်ပြစ်ဒဏ်ကို ပြောင်းလဲဖို့ ဆုံးဖြတ်ခဲ့မှုကြောင့် ကစားသမားကိုယ်တိုင် ပွဲပယ်ပြစ်ဒဏ်နဲ့ လွဲချော်သွားခဲ့ပါတယ်။
ဒါပေမယ့် လူးကပ်စ်ဗက်ကွက်ဇ်က ၂၀၂၅-၂၀၂၆ ဘောလုံးရာသီ၊ ရီးရဲလ်မက်ဒရစ်ရဲ့ပထမဆုံးကိုပါဒယ်လ်ရေးဖလားပွဲစဉ်နှစ်ခုကိုသာ လွဲချော်မှာဖြစ်ပြီး ရူဒီဂါရဲ့ပြစ်ဒဏ်ကတော့ လေးပွဲထက်ပိုမိုများပြားနေတာကြောင့် စပိန်နိုင်ငံတဝှမ်းကျင်းပနေတဲ့ ပြိုင်ပွဲအားလုံးမှာ အကျုံးဝင်သွားပါတယ်။ ဒါကြောင့် ဂျာမန်နောက်ခံလူက ကလပ်အသင်းရဲ့အခုရာသီလက်ကျန်လိဂ်ပွဲစဉ်ငါးပွဲလုံးအပြင် လာမယ့်ရာသီ၊ အဖွင့်ပွဲစဉ်ကိုပါ လွဲချော်သွားပါလိမ့်မယ်။
အင်္ဂါနေ့အစောပိုင်းမှာတော့ ရီးရဲလ်မက်ဒရစ်က ကိုပါဒယ်လ်ရေးဖလားဗိုလ်လုပွဲအတွင်း ဒူးဒဏ်ရာရရှိခဲ့တဲ့ ရူဒီဂါကို ခွဲစိတ်ကုသပေးမယ်လို့ တရားဝင်ကြေညာခဲ့ပါတယ်။ ဒါကြောင့် ခွဲစိတ်မှုအပြီး ၂၀၂၄-၂၀၂၅ ဘောလုံးရာသီလက်ကျန်ပွဲစဉ်တွေကို ကစားနိုင်ဖွယ်မရှိလို့ ပွဲပယ်ပြစ်ဒဏ်က ကစားသမားအပေါ် သက်ရောက်မှုမကြီးမားနိုင်ပါဘူး။ ဒါပေမယ့် သူက ၂၀၂၅-၂၀၂၆ ဘောလုံးရာသီ၊ လာလီဂါအဖွင့်ပွဲစဉ်ကိုတော့ သေချာပေါက်လွဲချော်သွားရပါလိမ့်မယ်။