The network connection is lost.

Banner Image

မန်ချက်စတာဒါဘီပွဲစဉ်အမီ ဒဏ်ရာပျောက်ကင်းဖို့ အလားအလာရှိနေတဲ့ ကွန်ညာ

ဘန်လေကို ၃-၂ နဲ့အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ဒဏ်ရာပြဿနာကြုံတွေ့ပြီး ပွဲချိန်အစပိုင်းမှာကတည်းက လူစားလဲခံခဲ့ရတဲ့ မန်ချက်စတာယူနိုက်တက်တောင်ပံကစားသမား မားသီးယက်စ်ကွန်ညာဟာ ကနဦးက ဒဏ်ရာပြင်းထန်ကြောင်း ကြေညာထားခဲ့ပေမယ့် ယခုအခါမှာတော့ စက်တင်ဘာလ ၁၄ ရက်နေ့ မန်ချက်စတာစီးတီးနဲ့ယှဉ်ပြိုင်သွားရမယ့် ဒါဘီပွဲစဉ်မှာ ပါဝင်နိုင်ဖို့ အခြေအနေကောင်းနေတယ်လို့သိရပါတယ်။ 

ကွန်ညာရဲ့ဒဏ်ရာဟာပြင်းထန်ကြောင်း ယူနိုက်တက်ဘက်က ထုတ်ပြန်ထားခဲ့တာကြောင့် ကစားသမားဟာ ယခုစက်တင်ဘာလ ဘရာဇီးအသင်းရဲ့ တောင်အမေရိကဇုန် ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်တွေအတွက် လူစာရင်းကနေလည်း ထုတ်ပယ်ခံထားခဲ့ရတာဖြစ်ပါတယ်။ ယခုအခါမှာ The Sun သတင်းဌာနရဲ့ဖော်ပြချက်အရ ဘရာဇီးလက်ရွေးစင်ဟာ ‌ဒဏ်ရာလျင်လျင်မြန်မြန်သက်သာလာတာကြောင့် မန်စီးတီးနဲ့ပွဲစဉ်မှာတောင် ပါဝင်ကစားနိုင်ဖို့ အလားအလာရှိနေတယ်လို့သိရပါတယ်။

သောကြာနေ့ညနေမှာလည်း ကွန်ညာဟာ အိုးလ်ထရက်ဖို့ဒ်ကွင်းအတွင်းရောက်ရှိနေပြီး သက်တောင့်သက်သာလမ်းလျှောက်နေတာကြောင့် ဒဏ်ရာပြဿနာပြင်းထန်မှုမရှိတော့ကြောင်း မြင်တွေ့ခဲ့ပါတယ်။ ဒါ့အပြင် အင်စတာဂရမ်မှတစ်ဆင့် အသက်-၂၆ နှစ်အရွယ်ကစားသမားက "ယူနိုက်တက်ရဲ့ပတ်ဝန်းကျင်က အရမ်းကောင်းပါတယ်။ ဒီကိုပြောင်းရွှေ့ခွင့်ရခဲ့တာ ဝမ်းသာပါတယ်။ ကျွန်တော် တတ်နိုင်သလောက်အမြန်ဆုံးပြန်လာခဲ့ပါမယ်။ အားပေးစကားပြောပေးခဲ့တဲ့သူအားလုံးကို ကျေးဇူးတင်ပါတယ်" လို့ရေးသားဖော်ပြထားပါတယ်။

ကွန်ညာတစ်ယောက် ဒဏ်ရာပြဿနာမှပြန်လာနိုင်ဖို့နီးစပ်နေပေမယ့် ကွင်းလယ်လူ မေဆင်မောင့်ကတော့ အခြေအနေမဟန်သေးဘူးလို့ သိရပါတယ်။ အင်္ဂလန်ကွင်းလယ်လူကလည်း ဘန်လေနဲ့ပွဲမှာပဲဒဏ်ရာရခဲ့တာဖြစ်ပြီး အသင်းဖော်ကိုဘီမိုင်နူးနဲ့ လူစားလဲခဲ့ရပါတယ်။ မေဆင်မောင့်အနေနဲ့ မန်စီးတီးနဲ့ပွဲအတွက် အဆင်သင့်မဖြစ်ပါက မိုင်နူးတစ်ယောက် အဆိုပါပွဲစဉ်မှာ ပွဲထွက်ခွင့်ရဖို့ အခွင့်အရေးရှိနေပါတယ်။ 

ယူနိုက်တက်ဟာ စက်တင်ဘာလ ၁၄ ရက်နေ့မှသာ မန်စီးတီးနဲ့ယှဉ်ပြိုင်သွားရမှာဖြစ်လို့ ကွန်ညာနဲ့ မေဆင်မောင့်တို့ အဆိုပွဲစဉ်အမီ ဒဏ်ရာပြဿနာတွေမှ ပြန်လာနိုင်ကြဖို့ မျှော်လင့်နေမှာဖြစ်ပါတယ်။