
ဒုတိယအကျော့မှာ ဘာမဆိုဖြစ်သွားနိုင်တယ်လို့ ဆိုလာတဲ့ အွန်နရီ
အာဆင်နယ်ဂန္ထဝင်ကစားသမားဟောင်း သီယာရီအွန်နီက မီခေးလ်အာတီတာရဲ့အသင်းဟာ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ပထမအကျော့မှာ ပီအက်စ်ဂျီကို ၀-၁ နဲ့ရှုံးနိမ့်ခဲ့ပေမယ့် ဒုတိယအကျော့မှာတော့ ဘာမဆိုဖြစ်သွားနိုင်ကြောင်း ပြောကြားလာခဲ့ပါတယ်။ ယခုပွဲစဉ်မှာ ပီအက်စ်ဂျီအတွက် တစ်လုံးတည်းသောအနိုင်ဂိုးကို တောင်ပံကစားသမား ဒမ်ဘီလီက ပွဲအစ ၄ မိနစ်မှာပဲသွင်းယူခဲ့တာဖြစ်ပြီး အာဆင်နယ်တို့ အိမ်ကွင်းမှာ ရှုံးပွဲကြုံခဲ့ရတာဖြစ်ပါတယ်။ လာမယ့် မေလ ၇ ရက်နေ့မှာတော့ ဒုတိယအကျော့ပွဲစဉ်အဖြစ် အာဆင်နယ်ဟာ ပီအက်စ်ဂျီကို ပြင်သစ်မြေမှာသွားရောက်ရင်ဆိုင်ရမှာဖြစ်ပြီး ဗိုလ်လုပွဲသို့တက်ရောက်နိုင်ဖို့ မဖြစ်မနေအနိုင်ကစားဖို့ လိုအပ်နေပါတယ်။
ယခုအခါမှာ အွန်နရီက ပီအက်စ်ဂျီဟာ အာဆင်နယ်ထက် ပိုကောင်းတယ်လို့ဆိုပေမယ့် ဒုတိယအကျော့မှာ အနိုင်ကစားနိုင်သေးကြောင်း အားပေးစကားပြောကြားလာခဲ့ပါတယ်။ပြင်သစ်ကြယ်ပွင့်ဟောင်းက "ဒုတိယအကျော့ ကျန်ပါသေးတယ်။ ဘာတွေဖြစ်လာနိုင်တယ်ဆိုတာ ဘယ်သူမှမသိသေးပါဘူး။ ဒီပွဲမှာတော့ ပီအက်စ်ဂျီက အာဆင်နယ်ထက် အများကြီးပိုကောင်းခဲ့ပါတယ်"
"ဒါကြောင့် ဒုတိယအကျော့မှာ ပီအက်စ်ဂျီကိုနိုင်ဖို့ဆိုရင် သေချာပြင်ဆင်သွားနိုင်ဖို့ လိုပါလိမ့်မယ်။ ဒီပုံစံအတိုင်း ဆက်ကစားနေဖို့မဖြစ်ပါဘူး။ ဒါပေမယ့် ဒီပွဲမှာ ဒမ်ဘီလီထွက်သွားတော့ ပီအက်စ်ဂျီရဲ့ကစားပုံက ကျဆင်းသွားခဲ့ပါတယ်။ ဒါကြောင့် ဒမ်ဘီလီကို ဘောလုံးမရအောင် ထိန်းချုပ်နိုင်မယ်ဆိုရင် အခွင့်အရေးရှိလာပါလိမ့်မယ်။ ဘာပဲဖြစ်ဖြစ် ကျွန်တော်ပြောခဲ့သလိုပါပဲ။ ဒုတိယအကျော့မှာ ဘာမဆိုဖြစ်သွားနိုင်ပါတယ်" လို့ပြောကြားခဲ့ပါတယ်။
ပီအက်စ်ဂျီနဲ့ပွဲမှာ ဂိုးမသွင်းနိုင်ခဲ့တဲ့ အာဆင်နယ်ဟာ ၂၀၁၆ ခုနှစ် ဘာစီလိုနာကို ၀-၂ နဲ့ရှုံးနိမ့်ခဲ့တဲ့နောက်ပိုင်း ချန်ပီယံလိဂ်ပြိုင်ပွဲ အိမ်ကွင်းမှာ ပထမဆုံးအကြိမ်အဖြစ် သွင်းဂိုးမဲ့ခဲ့တာလည်းဖြစ်ပါတယ်။ ဒါ့အပြင် ရာသီတစ်လျှောက် ဒုတိယအခွင့်အရေးအများဆုံးရတဲ့ ပွဲစဉ်ဖြစ်ပေမယ့် ဂိုးမသွင်းနိုင်ခဲ့တာလည်းဖြစ်ပါတယ်။
ပွဲအပြီးမှာ အာဆင်နယ်အနေနဲ့ ဗိုလ်လုပွဲသို့တက်ရောက်နိုင်ဖို့ ၅၀ ရာခိုင်နှုန်းလောက်အခွင့်အရေးရှိသေးလားလို့ မေးမြန်းခဲ့ရာ အာတီတာက "ရာခိုင်နှုန်းတွေတော့ ကျွန်တော်မပြောတတ်ပါဘူး။ ဒါပေမယ့် ဗိုလ်လုပွဲရောက်ဖို့ ကျွန်တော်တို့မှာ အခွင့်အရေးအများကြီးကျန်ပါသေးတယ်" လို့ဖြေကြားခဲ့ပါတယ်။
တစ်ချန်တည်းမှာပဲ ကွင်းလယ်လူမီခေးလ်မီရီနိုကလည်း ပီအက်စ်ဂျီနဲ့ပြန်လည်ကစားဖို့ မစောင့်နိုင်တော့ကြောင်းကို "ခက်ခဲတဲ့ပွဲစဉ်တစ်ပွဲဖြစ်ခဲ့ပါတယ်။ မိနစ်တိုင်းက အရေးပါပြီး ပထမ ၁၅ မိနစ်အတွင်းမှာ ကျွန်တော်တို့ စွမ်းဆောင်ရည်ကောင်းမပြသနိုင်ခဲ့ပါဘူး။ ဒါပေမယ့် ဂိုးပေးပြီးရပြီးနောက်ပိုင်းမှာ အသင်းကပိုကောင်းခဲ့တယ်လို့ထင်ပါတယ်။ ပွဲပြီးဆုံးချိန်အထိ ကျွန်တော်တို့ ပီအက်စ်ဂျီကို လွှမ်းမိုးနိုင်ခဲ့ပါတယ်"
"ကျွန်တော်တို့မှာ အင်အားပြည့်ဝပြီး အရမ်းကောင်းတဲ့အသင်းရှိပါတယ်။ ဒုတိယအကျော့မှာနိုင်မယ်ဆိုတာလည်း ယုံကြည်ချက်အပြည့်ရှိပါတယ်။ ကျွန်တော်တို့ အသင်းတိုင်းကို ဘယ်နေရာမှာမဆို အနိုင်ကစားနိုင်တယ်ဆိုတာ သက်သေပြပြီးပါပြီ။ ပီအက်စ်ဂျီက ဘောလုံးကို တစ်ချိန်လုံးကိုင်ထားချင်တဲ့အသင်းမျိုးပါ။ ပြီးတော့ ပြိုင်ဘက်ရဲ့ဂိုးဧရိယာထဲမှာ ကစားတတ်ပါတယ်။ ဒါပေမယ့် ဒီနေ့မှာတော့ ကျွန်တော်တို့က သူတို့ကို ယှဉ်ပြိုင်ကစားနိုင်တယ်ဆိုတာ သက်သေပြသနိုင်ခဲ့ပါတယ်။ သူတို့ကလည်း ဘယ်နေရာမှာမဆို ခြေစွမ်းကောင်းလွန်းလို့ ကျွန်တော်တို့အနေနဲ့ ပဲရစ်ကိုသွားဖို့ မစောင့်နိုင်တော့ပါဘူး" လို့ပြောကြားခဲ့ပါတယ်။
ဂိုးအဖြစ်မှပယ်ဖျက်ခံခဲ့ရတဲ့ သူ့ရဲ့သွင်းဂိုးနဲ့ပတ်သက်ပြီးတော့လည်း မီရီနိုက "ဒါကိုလက်ခံဖို့ ခက်ပါတယ်။ ဒါပေမယ့် ဒီလိုပွဲစဉ်တွေမှာ အမှားဆိုတာတော့ အရမ်းရှားပါတယ်။ ဒါက ထိပ်တန်းဘောလုံးလောကပါ။ သေးငယ်တဲ့ စင်တီမီတာလေးက ကျွန်တော်တို့ရဲ့အနာဂတ်ကို ပြောင်းလဲသွားစေနိုင်ပါတယ်။ ဒုတိယအကျော့မှာတော့ ဒီလိုအဖြစ်မျိုး ထပ်မဖြစ်ဖို့မျှော်လင့်ပါတယ်" လို့ပြောကြားခဲ့ပါတယ်။