ဘာစီလိုနာနောက်ခံလူ ကွန်ဒီကို နင်းမိခဲ့ကြောင်းဝန်ခံလာတဲ့ အီချီဗာရီ
မနေ့ညက ဘာစီလိုနာအသင်းကို အံ့အားသင့်ဖွယ် အနိုင်ရရှိခဲ့တဲ့ပွဲမှာ ဂျီရိုနာအသင်းကို ကူညီပေးနိုင်ခဲ့လို့ ကလော်ဒီယို အီချီဗာရီတစ်ယောက် အတိုင်းမသိ ဝမ်းသာနေပါတယ်။ မန်စီးတီးအသင်းကနေ အငှားနဲ့ လာရောက်ကစားနေတဲ့ ဒီကွင်းလယ်လူဟာ ၂-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ပွဲမှာ အဓိကနေရာကနေ ပါဝင်ခဲ့တာပါ။
ပွဲရဲ့ အငြင်းပွားစရာဖြစ်ခဲ့တာကတော့ ဖရန် ဘယ်ထရန် သွင်းယူပေးခဲ့တဲ့ ဂျီရိုနာအသင်းရဲ့ နောက်ကျအနိုင်ဂိုးပဲ ဖြစ်ပါတယ်။ အဲ့ဒီဂိုးရဖို့ ပြင်ဆင်နေချိန်မှာ အီချီဗာရီက ဂျူးလက်စ် ကွန်ဒီကို ပြစ်ဒဏ်ဘောကျူးလွန်ခဲ့တယ်လို့ ဘာစီလိုနာဘက်က အခိုင်အမာ ပြောဆိုခဲ့ပါတယ်။
အဆိုပါဖြစ်ရပ်နဲ့ ပတ်သက်ပြီး အာဂျင်တီးနားသားလေးက "အခုလို အနိုင်ရခဲ့တဲ့အတွက် ကျွန်တော်တို့ တော်တော်လေး ပျော်မိပါတယ်။ အသင်းသားတွေ အားလုံးလည်း အကောင်းဆုံး ကစားနိုင်ခဲ့ကြပါတယ်" လို့ ပြောပါတယ်။ ၎င်းက ဆက်လက်ပြီး "ဂျာမနီမှာ ရှိနေခဲ့စဉ်က လပေါင်းများစွာ ခက်ခဲတဲ့ အချိန်တွေကို ဖြတ်သန်းခဲ့ရပါတယ်။ ကျွန်တော့်အတွက် တော်တော်လေး ဆိုးရွားခဲ့ပေမဲ့ အခုတော့ ဒီမှာ အဆင်ပြေနေပါပြီ။ ကျွန်တော့်ကို မန်စီးတီးက ခေါ်ယူရလောက်တဲ့အထိ ကောင်းမွန်ခဲ့တဲ့ ခြေစွမ်းမျိုး ပြန်ရအောင် ကြိုးစားသွားမှာပါ" လို့ ဆိုပါတယ်။
ဘာစီလိုနာနဲ့ ပတ်သက်ပြီးတော့လည်း "သူတို့က ကမ္ဘာ့အကောင်းဆုံး အသင်းပါ။ ပွဲအတွင်းမှာ ကျွန်တော်တို့ အတော်လေး ရုန်းကန်ခဲ့ရပေမဲ့ အသင်းလိုက် ကောင်းကောင်းကစားနိုင်ခဲ့သလို အများကြီးလည်း ပြေးလွှားနိုင်ခဲ့လို့ အခုလို အနိုင်ရခဲ့တာပါ" လို့ ဖြည့်စွက်ပြောကြားခဲ့ပါတယ်။
ပွဲအပြီး အဝတ်အစားလဲပြီးချိန်မှာတော့ အီချီဗာရီဟာ သူ့ကို စောင့်ဆိုင်းနေတဲ့ El Chiringuito သတင်းဌာနက သတင်းထောက်တစ်ဦးနဲ့ စကားပြောခဲ့ပါတယ်။ အဲ့ဒီမှာ သူက "ကျွန်တော်လည်း သေချာမသိသေးဘူး၊ အဲ့ဒီဖြစ်စဉ်ကို မကြည့်ရသေးလို့ပါ။ ခင်ဗျားဆီမှာ အဲ့ဒီဗီဒီယို ရှိလား။ ဟုတ်တယ်၊ ကျွန်တော် သူ့ကို နင်းမိသွားတာပါ။ ဒါပေမဲ့ အဲ့ဒီအချိန်မှာ ကျွန်တော်က အရှိန်နဲ့ ပြေးလာတာလေ။ တမင်လုပ်တာ မဟုတ်ပေမဲ့လည်း နင်းတော့နင်းမိသွားပါတယ်" လို့ ဝန်ခံခဲ့ပါတယ်။
ဒိုင်လူကြီးကသာ အဲ့ဒါကို ပြစ်ဒဏ်ဘောအဖြစ် သတ်မှတ်ခဲ့မယ်ဆိုရင် လက်ခံနိုင်မလားလို့ မေးမြန်းရာမှာတော့ အာဂျင်တီးနားသားလေးက ရယ်မောပြီး "ဟုတ်ကဲ့၊ လက်ခံနိုင်ပါတယ်။ ဒါပေမဲ့ အခုတော့ ဒါက ပြဿနာမဟုတ်တော့ပါဘူး။ ကံကောင်းလို့ ကျွန်တော်တို့ အနိုင်ရရှိခဲ့တာပါ" လို့ ပြန်လည် ဖြေကြားခဲ့ပါတယ်။