The network connection is lost.

Banner Image

ဂါဗီပြန်ကစားနိုင်ဖို့ အစီအစဉ်တွေပြုလုပ်ထားတဲ့ ဘာစီလိုနာ

ဘာစီလိုနာအသင်း တာဝန်ရှိသူတွေဟာ ဂါဗီ ဘောလုံးပြန်ကစားနိုင်ဖို့အတွက် ပြင်ဆင်မှုတွေ လုပ်ဆောင်နေကြပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လက ရရှိခဲ့တဲ့ ဒူးဒဏ်ရာကြောင့် စက်တင်ဘာလမှာ ခွဲစိတ်မှုလုပ်ခဲ့ရတဲ့ ဂါဗီဟာ အခုအခါမှာတော့ ဒဏ်ရာကနေ ပြန်လည်သက်သာလာဖို့အတွက် အသင်းဖော်တွေနဲ့အတူ လေ့ကျင့်တာရော၊ တစ်ကိုယ်တော် လေ့ကျင့်တာတွေကိုပါ တွဲဖက်လုပ်ဆောင်နေပြီ ဖြစ်ပါတယ်။

သူ့ရဲ့ ဒဏ်ရာအခြေအနေဟာ ကောင်းကောင်းမွန်မွန် တိုးတက်လာနေပြီး ဘာစီလိုနာအသင်းကလည်း သူဘယ်နေ့မှာ ပြန်ကစားနိုင်မလဲဆိုတဲ့ ရက်သတ်မှတ်ချက်ကို တွက်ချက်နေပြီ ဖြစ်ပါတယ်။

ဖေဖော်ဝါရီ ၂၀ ရက်၊ သောကြာနေ့ကစပြီး ဂါဗီဟာ အသင်းရဲ့ စုပေါင်းလေ့ကျင့်ရေး အစီအစဉ်တချို့မှာ စတင်ပါဝင်နေပါပြီ။ သူဟာ လေ့ကျင့်ခန်း အနည်းငယ်မှာပဲ ပါဝင်နိုင်သေးတာမို့ အားကစားရုံထဲမှာရော ကွင်းထဲမှာပါ သူ့အတွက် သီးသန့်ချမှတ်ပေးထားတဲ့ အသေးစိတ် အစီအစဉ်အတိုင်း အသင်းနဲ့အတူ လေ့ကျင့်တာနဲ့ ဒဏ်ရာကနေ ပြန်လည်သက်သာအောင် တစ်ကိုယ်တော် လေ့ကျင့်တာတွေကို တစ်လှည့်စီ လုပ်ဆောင်နေရဆဲ ဖြစ်ပါတယ်။

အသက် ၂၁ နှစ်အရွယ် ကစားသမားလေးဟာ ပြီးခဲ့တဲ့ စက်တင်ဘာလကုန်ပိုင်းမှာ ဒူးအရိုးနုစုတ်ပြဲဒဏ်ရာ အတွက် မှန်ပြောင်းကြည့်ခွဲစိတ်မှုကို ခံယူခဲ့ရတာပါ။ အဲဒီအချိန်တုန်းက သူဟာ ၄ လကနေ ၅ လအထိ အနားယူရမယ်လို့ ခန့်မှန်းခဲ့ကြပြီး အခုဆိုရင်တော့ အဲဒီသတ်မှတ်ကာလကို ကျော်လွန်ခဲ့ပြီ ဖြစ်ပါတယ်။

ဘာစီလိုနာ တာဝန်ရှိသူတွေဟာ သူ့ရဲ့ အခြေအနေကို နေ့စဉ် စစ်ဆေးနေရတာကြောင့် တိကျတဲ့ ရက်ကိုတော့ အသေအချာ သတ်မှတ်မထားပါဘူး။ ဒါပေမဲ့ နောက်ထပ် အများဆုံး ၂ ပတ်အတွင်းမှာ အသင်းနဲ့အတူ အပြည့်အဝ ပူးပေါင်းနိုင်ဖို့ ရည်မှန်းထားကြပါတယ်။ ဒါကြောင့် နိုင်ငံတကာပွဲစဉ်တွေအတွက် အနားမယူခင်မှာ ဂါဗီကို ကွင်းထဲမှာ မိနစ်အနည်းငယ်လောက် မြင်တွေ့ရဖို့ ရှိနေပါတယ်။

သတင်းရင်းမြစ်တွေရဲ့ ပြောကြားချက်အရ အဲဒီရက်ဟာ အတိအကျကြီးတော့ မဟုတ်ဘဲ သူ့ရဲ့ တိုးတက်မှုအခြေအနေနဲ့ ဂါဗီရဲ့ စိတ်အားထက်သန်မှုအပေါ်မှာ မူတည်နေတယ်လို့ သိရပါတယ်။ ဒါပေမဲ့ လက်ရှိမှာတော့ ဒီအချိန်ကာလအတွင်းမှာ ပြန်လာနိုင်ဖို့ကိုပဲ အာရုံစိုက်ပြီး လုပ်ဆောင်နေကြတာ ဖြစ်ပါတယ်။